
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အီဘိုလာရောဂါ အတည်ပြုလူနာ အယောက် ၅၅၀ နဲ့ သေဆုံးသူ ၁၀၁ ယောက်အထိ ရှိလာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇွန် ၉ ရက်မှာ ပြောပါတယ်။
ရောဂါဖြစ်ပွားမှု ၉၄ ရာခိုင်နှုန်းရှိတဲ့ အစ်တူရီပြည်နယ်မှာ ကူးစက်မှုက သိပ်သည်းနေဆဲဖြစ်တယ်လို့ WHO ရဲ့ အရေးပေါ်တုံ့ပြန်ရေး ဒါရိုက်တာ အဗ္ဗဒီရာမန် မဟာမွတ်က ပြောပါတယ်။
တိုးချဲ့ထားတဲ့ စစ်ဆေးနိုင်စွမ်းက ရောဂါကူးစက်သူတွေကို ပိုဖော်ထုတ်ဖို့ ကူညီပေးခဲ့တယ်လို့ သူက ထပ်ပြောပါတယ်။
အီဘိုလာရောဂါရဲ့ ဘန်ဒီဘူဂီယို မျိုးကွဲ ကူးစက်မှုကို မေ ၁၅ ရက်မှာ ကြေညာခဲ့တာပါ။ ဒါပေမဲ့ ကူးစက်ခံတွေကို သီတင်းပတ်တွေ အကြာကြီး မတွေ့ခဲ့ကြလို့ ကျန်းမာရေးအာဏာပိုင်တွေ နောက်ကောက် ကျခဲ့ပြီး အခုတော့ ကူးစက်မှုကို ထိန်းချုပ်ဖို့ ရုန်းကန်နေရတယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။
ကူးစက်ခံရရင် သေဆုံးနှုန်းမြင့်မားတဲ့ အီဘိုလာရောဂါဟာ လက်နက်ကိုင်ပဋိပက္ခတွေ ကြာရှည် ဖြစ်နေတဲ့ ပြည်နယ် ၃ ခုဖြစ်တဲ့ အစ်တူရီ၊ မြောက်ကီဗူးနဲ့ တောင်ကီဗူးပြည်နယ်တွေ ကူးစက်ဖြစ်ပွား နေပါတယ်။
Source: Reuters











