DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းသို့ စစ်သည်များစေလွှတ်မည့်နည်းလမ်းကို ပစ်ပယ်မထားဟု ပြင်သစ်သမ္မတပြော
DVB
·
February 27, 2024
ယူကရိန်းသို့ စစ်သည်များစေလွှတ်မည့်နည်းလမ်းကို ပစ်ပယ်မထားဟု ပြင်သစ်သမ္မတပြော
Donate to DVB

ရုရှား ကျူးကျော်မှုနဲ့ ပတ်သက်ပြီး ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဥရောပခေါင်းဆောင် ၂၀ လောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယူကရိန်းကို မြေပြင်စစ်သည်တွေ စေလွှတ်ဖို့  ဥရောပနိုင်ငံတွေကြားမှာ လတ်တလော ဘုံသဘောတူညီချက်ရထားတာ မရှိသေးပေမဲ့ ဒီနည်းလမ်းကိုလည်း ပစ်ပယ်ထား မှာမဟုတ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းက ပြောကြားလိုက်ပါတယ်။

လက်ရှိမှာတော့ ကိယက်ဗ်ကို လက်နက်ခဲယမ်းတွေ တိုးမြှင့်ပေးပို့ဖို့ သဘောတူထားပြီး ဥရောပဟာ ယူကရိန်းအတွက် အမေရိကန်ကိုပဲ မှီခိုမနေသင့်ဘူးလို့လည်း မက်ခွန်းက ထည့်ပြောသွားပါတယ်။

“မြေပြင်စစ်သည်တွေ ထားရှိဖို့ကိုတော့ တရားဝင် ဘုံသဘောတူညီချက် ရတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ဘယ်နည်းလမ်းမှ ချန်လှပ်မထားသင့်ပါဘူး။ ရုရှားမနိုင်အောင် ကျုပ်တို့ လုပ်နိုင်သမျှ အကုန်လုပ်သွားမှာပါ” လို့ သမ္မတက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ပွဲ တတိယနှစ်ထဲ ရောက်လာတဲ့အချိန်မှာ ရုရှားနိုင်တော့မယ်ဆိုတဲ့ အသံတွေ ထွက်လာတာကို တန်ပြန်ဖို့နဲ့ ဥရောပရဲ့ ယူကရိန်းဘက်က ရပ်တည်မှု ခိုင်မာကြောင်း ပြသဖို့အတွက် မက်ခွန်းက ဖေဖော်ဝါရီ ၂၆ ရက်မှာ ဥရောပခေါင်းဆောင်တွေကို ပါရီကို ဖိတ်ကြားဆွေးနွေးခဲ့တာပါ။

အိမ်ဖြူတော်ကလည်း အမေရိကန်အနေနဲ့ ယူကရိန်းကို စစ်သည်တွေလွှတ်ဖို့ မရှိသလို နေတိုးတပ်ဖွဲ့တွေ လွှတ်ဖို့လည်း မရှိဘူးလို့ ငြင်းထားပါတယ်။

ရုရှားကျူးကျော်စစ်ကို ပြန်တွန်းလှန်ရာမှာ ယူကရိန်းအနေနဲ့ အစဦးမှာ အောင်မြင်မှုရခဲ့ပေမဲ့ အရှေ့ဘက်စစ်မျက်နှာမှာ အရေးမလှဖြစ်ခဲ့ရပြီး လက်နက်နဲ့ စစ်သည်အင်အား နည်းပါးတဲ့ ပြဿနာ ရင်ဆိုင်နေရပါတယ်။

ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုကတော့ နေတိုးနဲ့ ဥရောပနိုင်ငံတချို့ဟာ ယူကရိန်းကို သက်ဆိုင်ရာနိုင်ငံအလိုက် သီးခြားသဘောတူညီချက်နဲ့ စစ်သည်တွေလွှတ်ပေးဖို့ စဉ်းစားနေကြတယ်လို့ ပြောပါတယ်။

ဆလိုဗက်ကီးယား အစိုးရကတော့ ယူကရိန်းကို စစ်ရေးအကူအညီပေးတာ ဆန့်ကျင်တဲ့  ဥရောပနိုင်ငံ အနည်းစုထဲမှာ ပါဝင်ပါတယ်။

နေတိုးရဲ့ နောက်တက်မယ့် အတွင်းရေးမှူးချုပ် ဖြစ်လာမယ်လို့ ရေပန်းစားနေတဲ့ နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရုသ်ကတော့ ဖေဖော်ဝါရီ ၂၆ ရက် ဆွေးနွေးမှုမှာ ယူကရိန်းကို စစ်သည်တွေ စေလွှတ်ရေးက အဓိကခေါင်းစဉ်မဟုတ်ခဲ့ဘူးလို့ ပြောသွားပါတယ်။

“အရိုးသားဆုံးပြောရရင် ကျနော်တို့က ၆ လကနေ ၁၂ လလောက် နောက်ကျကျနေတဲ့ကိစ္စက အဓိကပါပဲ။ ဒီညနေဆွေးနွေးရတဲ့ ရည်ရွယ်ချက်က အဲဒီကိစ္စပါ။ ကျနော်တို့ရည်မှန်းချက် အောင်မြင်ဖို့ အသုံးဝင်တဲ့ ဘာကိစ္စမဆို ဖြစ်လာနိုင်ပါတယ်” လို့ မက်ခွန်းက ပြောပါတယ်။

Source/Photo-REUTERS/Gonzalo Fuentes

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013