Home
ဆောင်းပါး
သေမထူး နေမထူး မင်းအောင်လှိုင်
DVB
·
February 27, 2024

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို စတင်တည်ထောင်သူ နေဝင်းရဲ့ အာဏာအင်ပါယာ တည်ဆောက်ခဲ့မှုတွေဟာ အာဏာရှင်မျိုးဆက်တွေအတွက် ပြဋ္ဌာန်းစာအုပ် ဖြစ်ခဲ့ဟန်တူပါတယ်။ အထူးသဖြင့် ဒုတိယအာဏာရှင်အဖြစ် ဆက်ခံနိုင်ခဲ့တဲ့ သန်းရွှေဟာ ခိုင်မာတဲ့ အာဏာအင်ပါယာ တည်ဆောက်ရေးမှာ နေဝင်း ဖောက်ခဲ့တဲ့ လမ်းအတိုင်း လျှောက်ခဲ့ပုံပါပဲ။

နေဝင်းဟာ သူ့အာဏာခိုင်မြဲရေးအတွက် သူနဲ့ခေတ်ပြိုင် လုပ်ဖော်ကိုင်ဘက်တွေကိုလည်း ရှင်း၊ သူ့ရဲ့အောက်က အစ်ကိုကြီး-ညီလေး ဆက်ဆံရေးရှိတဲ့ သူတွေကိုလည်း ရှင်း၊ စိတ်ချရပါတယ် ဆိုတဲ့ သူ့ရဲ့သားတပည့်တွေကိုလည်း မချန်၊ နည်းနည်းပါးပါး သံသယဝင်လာတာနဲ့ ရှင်းပစ်လိုက်တာပဲ။ အာဏာရှင်လုပ်မယ်ဆိုရင် နှလုံးသားမရှိရဘူး၊ ကိုယ့်မျက်နှာကလွဲ ဘယ်သူ့မျက်နှာမှာ မကြည့်ရဘူးလို့ နေဝင်းရဲ့ ပြဋ္ဌာန်းစာအုပ်က ဆိုတယ်။

နေဝင်းဟာ သူ့အနီးအနားက အာဏာရှိတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ လည်ပင်းပေါ် တိခနဲ ပြတ်နိုင်တဲ့ ဓားတချောင်းစီ တင်ထားခဲ့တယ်။ အနောက်နိုင်ငံတွေဆီ လနဲ့ချီကြာ အညောင်းအညာပြေ ခရီးထွက်ရဲတဲ့အထိ သူ့ကိုယ်သူ ယုံကြည်မှုကြီးခဲ့တယ်။

နေဝင်းလက်ထက်မှာ ပြင်ပရန်အနေနဲ့ အထူးသဖြင့် ရန်ကုန်မြို့ပြမှာ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေ မပြတ်ခဲ့ပေမဲ့ မှုလောက်စရာ အခြေအနေထိ မကျယ်ပြန့်ခဲ့ပါဘူး။ လက်နက်ကိုင် တိုက်ခိုက်မှုအနေနဲ့ ပဲခူးရိုးမအခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီကို တိုက်ထုတ်လိုက်နိုင်ခြင်းဟာ နေဝင်းအတွက် ခေါင်းအေးအေးနေ့တွေ ဖြစ်လာခဲ့တယ်။

ပြောရရင် နေဝင်းလက်ထက် တောက်လျှောက် သူ့အာဏာထိုင်ခုံကို ကိုင်လှုပ်တဲ့အဆင့် အတွင်းရန်ရော အပြင်ရန်ပါ နည်းခဲ့လေတော့ နေဝင်းဟာ အာဏာသက်ဆိုးရှည်ရေးကို အကောင်းဆုံး တည်ဆောက်နိုင်ခဲ့ပြီး ရှစ်လေးလုံးအရေးတော်ပုံကျမှ နိုင်ငံရေးစင်မြင့်ထက်ကနေ မောင်းချခံရတော့တာပါ။

ရှစ်လေးလုံးအရေးတော်ပုံ အပြီးမှာ စောမောင် တက်လာတယ်။ စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးဆိုတဲ့ နေဝင်းရဲ့ မဟာရည်မှန်းချက်ကို နားမလည်၊ အာဏာရှင်လုပ်ဖို့ရာ ဆန္ဒနည်းလေတော့ ရှင်းထုတ်ခံလိုက်ရတယ်။

နောက်တယောက် သန်းရွှေ။ အေးအေးဆေးဆေး စကားတွေ အများကြီးမပြောဘဲ ကွမ်းလေးတမြုံ့မြုံ့လေးဝါးကာ နေဝင်းရဲ့ ပြဋ္ဌာန်းစာအုပ်ကို သေသေချာချာ လေ့လာခဲ့ပုံပါပဲ။ သန်းရွှေဟာ သူနဲ့ခေတ်ပြိုင်တွေရော သူ့တပည့်ရင်းချာတွေကို တသုတ်ပြီးတသုတ် ရှင်းထုတ်ပစ်ရုံတင်မက သူ့ရဲ့ပြဋ္ဌာန်းစာအုပ် နေဝင်းကိုပါ ရှင်းထုတ်ပစ်တဲ့အထိ အာဏာရှင် ပီသခဲ့တယ်။ နောက်ဆုံး ခင်ညွန့်နဲ့ သူ့ရဲ့ ထောက်လှမ်းရေးအင်ပါယာကို ရှင်းထုတ်လိုက်ပြီးတဲ့ နောက်မှာ ပြိုင်ဘက်မရှိ သန်းရွှေ ဖြစ်လာတော့တယ်။

ဒါပေမဲ့ သန်းရွှေလက်ထက်မှာ ပြင်ပရန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီရေး အင်အားစုတွေရဲ့ ဖက်ပြိုင်မှုကို တောက်လျှောက်ခံခဲ့ရရုံတင်မက နိုင်ငံတကာ ဖိအားတွေကိုလည်း အမြဲမပြတ် ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ နိုင်ငံတကာဖိအားတွေကို နိုင်ငံရေး အတိုး၊ အဆုတ်တွေနဲ့ ပါးပါးနပ်နပ် ကိုင်တွယ်ခဲ့သလို ဒီမိုကရေစီ အင်အားစုတွေကိုလည်း အပေါ်စီးကနေ ရင်ဆိုင်ကျော်လွှားခဲ့ကာ သူ့ရည်မှန်းချက် စစ်တပိုင်းဒီမိုကရေစီသို့ အရောက် နှင်နိုင်ခဲ့တယ်။

အဂတိလိုက်စားမှုအရာမှာ သန်းရွှေဟာ နေဝင်းထက် ပိုသာခဲ့ပုံရပြီး နေဝင်းလို ငါတယောက်တည်း အဂတိလိုက်စားမယ် ဆိုတာမျိုး မဟုတ်ဘဲ တနိုင်ငံလုံး အဂတိနွံထဲ နစ်အောင်အထိ တိုင်းပြည်ရဲ့ စာရိတ္တမဏ္ဍိုင်ကိုပါ ဖျက်ဆီးကာ သူကစလို့ အပေါက်စောင့် ဝန်ထမ်းအဆုံး အဂတိလိုက်စားစေခဲ့တယ်။

အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း သူတို့အတွင်းစည်းထဲကလူတွေကို ဖြုတ်ထုတ်ရှင်းရာမှာ အဂတိခေါင်းစဉ် တပ်လေ့ရှိပေမဲ့ နေဝင်းဟာ သူဖြုတ်လိုက်တဲ့ သူ့လူတွေကို ပြင်ပလောကမှာ စားရမဲ့ သောက်ရမဲ့ ဘဝမျိုး မရောက်အောင် ပြန်ကြည့်လေ့ရှိသလို သန်းရွှေကလည်း သူဖြုတ်လိုက်တဲ့သူတွေရဲ့ အာဏာနဲ့ သိုက်တူးထားတဲ့ ပိုင်ဆိုင်မှုတွေကိုတော့ မသိမ်းခဲ့ပါဘူး။ နောက်တချက် နေဝင်းနဲ့ သန်းရွှေရဲ့ တူညီချက်က နိုင်ငံတကာ မျက်စိကျလောက်တဲ့ ရာဇဝတ်မှုမျိုးကို နိုင်ငံတကာက အရေးယူတဲ့အဆင့် မလုပ်ဆောင်ခဲ့ခြင်းပါပဲ။

အခု တတိယအာဏာရှင်အဖြစ် စိတ်ကူးယဉ်ကာ အသက်ငင် ဇောချွေးပြန်နေတဲ့ မင်းအောင်လှိုင်ကရော ဘယ်လိုအခြေအနေ ရှိပါသလဲ။ မင်းအောင်လှိုင်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဘဝဟာ စစ်တပိုင်းဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလဖြစ်ပြီး အချိန်တန်ရင် ကာချုပ်အဖြစ်ကနေ အငြိမ်းစားယူပြီး သမ္မတ ဆက်လုပ်ဆိုတဲ့ သန်းရွှေ လျာထားတဲ့ လမ်းကြောင်းအတိုင်း အိပ်မက်မက်နေခြင်းနဲ့ NLD ပါတီ အာဏာရရှိသွားတဲ့အပေါ် အကြီးအကျယ် ခေါင်းခဲခဲ့ရတာမို့ စစ်တပ်တွင်း အာဏာတည်ဆောက်ရေးကို မင်းအောင်လှိုင် သေချာလုပ်နိုင်ခဲ့ပုံ မပေါ်ပါဘူး။

၂၀၂၁ ခုနှစ် မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ချိန်ကစလို့ မိုးထဲလေထဲ မုန်တိုင်းသင့်နေတာကြောင့်လည်း မင်းအောင်လှိုင်ဟာ သူနဲ့ခေတ်ပြိုင်တွေဖြစ်တဲ့ စိုးဝင်းနဲ့ မြထွန်းဦး အထိ ရှင်းထုတ်ပစ်ဖို့ မတတ်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် သူ့ရဲ့တပည့်ရင်းတွေဖြစ်တဲ့ စိုးထွဋ်နဲ့ မိုးမြင့်ထွန်း အရှင်းခံလိုက်ရတာဟာ စစ်ကောင်စီထဲ မင်းအောင်လှိုင် ရှင်ဆိုရှင် သေဆိုသေ မဟုတ်ကြောင်း သက်သေခံနေပါတယ်။

မင်းအောင်လှိုင်ဟာ အပြင်ရန်အနေနဲ့ နိုင်ငံတကာဖိအားနဲ့ စီးပွားရေးပိတ်ဆို့မှုတို့ကို သန်းရွှေထက် များစွာ ပိုခံနေရသလို မြန်မာတဝန်း တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုအောက်မှာ မျက်ဖြူဆိုက်နေရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကစလို့ တမြို့ပြီးတမြို့ အသိမ်းခံရသလို တိုက်ပွဲကျ၊ စစ်ပြေးနဲ့ ဘက်ပြောင်းစစ်သားတွေလည်း ဒီရေအလား တိုးပွားလာပါတယ်။

မင်းအောင်လှိုင် လက်ထက်မှာ တကြိမ်တခါမှ မကြုံခဲ့ဘူးတဲ့ ရှုံးနိမ့်မှုတွေနဲ့ လိမ့်နေသလို မင်းအောင်လှိုင်အပေါ် ယုံကြည်မှုလည်း သူတို့စစ်တပ်တွင်း အကြီးအကျယ် ကျဆင်းနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေး အောင်ပွဲခံမယ့် အလားအလာတွေ မြင်လာရသလို တော်လှန်ရေးသာ အောင်ပွဲခံခဲ့မယ်ဆိုရင် စစ်ဗိုလ်ချုပ်ဟောင်းတွေပါ အာဏာနဲ့ သိုက်တူးခဲ့သမျှ စည်းစိမ်ချမ်းသာတွေ ပြုတ်ပြုတ်ပြုန်း အသိမ်းခံရမှာလားဆိုတဲ့ ပူပန်စိတ်တွေနဲ့ မင်းအောင်လှိုင် အပေါ် မလိုလားမှုတွေ ရှိလာပါတယ်။ မင်းအောင်လှိုင်အတွက် အတွင်းရန်ဟာ သူတို့စစ်အုပ်စုကြား သေချာပေါက် ရှိနေပေမဲ့ စစ်ဗိုလ်ချုပ်တို့ရဲ့ ထုံးစံအတိုင်း သူတို့ အကျိုးစီးပွား ထိခိုက်ခံပြီး သေနတ်ပြောင်း ပြန်လှည့်မှာ မဟုတ်ပါဘူး။ နောက်ဆုံး မင်းအောင်လှိုင် လုံးဝ အခြေအနေမဟန်တော့မှသာ သေနတ်ပြောင်းလှည့်ကာ ပြည်သူ့ဘက်တော်သားဘွဲ့ ခံယူကြမှာပါ။

မင်းအောင်လှိုင်အတွက် အဆိုးရွားဆုံးအခြေအနေက နိုင်ငံတကာက မျက်စိကျလောက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေခြင်းပါပဲ။ မင်းအောင်လှိုင်ဟာ အာဏာမသိမ်းမီကာလ သန်းရွှေခန့် ကာချုပ်ဘဝကတည်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး ICJ ရောက်အောင် ပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီးနောက်ပိုင်းမှာ စစ်တပ်ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း သက်သေတွေ ရရှိထားတယ်လို့ ကုလသမဂ္ဂ အချက်အလက် စုဆောင်းရေးအဖွဲ့ (IIMM) က ပြောကြားထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအထိ ပတ်လိမ်နေတဲ့ လောက်ကိုင် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ခေါင်းဆောင်တွေဟာ မင်းအောင်လှိုင် သစ္စာခံ ကိုးကန့်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တွေ ဖြစ်ပြီး အဲဒီငွေလိမ်ဂိုဏ်းဟာ စစ်တပ်ရဲ့ အကာအကွယ်ပေးမှုကြောင့် ကြီးထွားလာခဲ့တာ ဘယ်လိုမှ ငြင်းမရပါဘူး။ ဇန်နဝါရီ ၃၀ ရက်က တရုတ်အစိုးရလက်ထဲ လွှဲအပ်လိုက်ရတဲ့ လောက်ကိုင် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ပယ်ဆောက်ချိန်တို့ တသိုက်နဲ့ နေပြည်တော် စစ်ဗိုလ်ချုပ်တို့ကြား နက်ရှိုင်းတဲ့ အကျိုးစီးပွားပတ်သက်မှုတွေကို တရုတ်အစိုးရက ဖော်ထုတ်ခြင်းမရှိပေမဲ့ အနည်းဆုံးအဆင့် နေပြည်တော်ကို လစဉ် လိုင်းကြေးပေးရမှာက သိပ်သေချာနေပါတယ်။

ကိုးကန့်အုပ်ချုပ်ရေးခေါင်းဆောင်ဟောင်း၊ ပြည်ခိုင်ဖြိုးအမတ် ပယ်ဆောက်ချိန်နဲ့ အပေါင်းအပါ တစုဟာ လောက်ကိုင် ကျားဖြန့်ဂိုဏ်းရဲ့ ဂိုဏ်းစတားတွေဖြစ်ကြောင်း တရုတ်အစိုးရရဲ့ ဖော်ထုတ်မှု တခုတည်းကပင် စစ်အုပ်စုဟာ ငွေလိမ်ဂိုဏ်းကိုပါ မွေးထားကြောင်း နိုင်ငံတကာက သိရှိလိုက်ပြီ ဖြစ်ပါတယ်။

အခုနောက်ဆုံးပေါ် ပြဿနာကြီးက ဂျပန် ယာကူဇာခေါင်းဆောင်က မြန်မာနိုင်ငံထွက် နျူးကလီးယား ထုတ်လုပ်နိုင်မယ့် ကုန်ကြမ်းတွေကို အီရန်ကိုရောင်းဖို့ ကြံစည်မှု ဖြစ်ပါတယ်။ အဲဒီကုန်ကြမ်းတွေကို မြန်မာလက်နက်ကိုင်အဖွဲ့တဖွဲ့က ရောင်းချလိုခြင်းဖြစ်ပြီး ရလာတဲ့ ငွေတွေနဲ့ လက်နက်တွေ ပြန်ဝယ်မယ်လို့ သိရပါတယ်။

ခေတ်သစ်သတင်းဌာနက နျူးကလီးယားကုန်ကြမ်း ရောင်းမယ့် လက်နက်ကိုင်အဖွဲ့ဆိုတာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဖြစ်တယ်လို့ ဖော်ပြပါတယ်။ RCSS သာ မှန်တယ်ဆိုရင် ဗိုလ်ချုပ်ကြီးယွက်စစ် ဆိုတာ မင်းအောင်လှိုင်နဲ့ အင်မတန်မှ ဆက်ဆံရေးကောင်းသူတဦး ဖြစ်တာကြောင့် အဲဒီကုန်ကြမ်း ရောင်းချလိုခြင်းရဲ့ နောက်ကွယ်မှာ စစ်ဗိုလ်ချုပ်တွေ ရှိနေမလားလို့ အတွေးပွားရပါမယ်။ ပြီးတော့ နျူးကလီးယားကုန်ကြမ်း ဓာတ်သတ္တုတွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ငယ်တဖွဲ့က အမြောက်အမြား ရရှိထားဖို့လည်း မလွယ်လောက်ပါဘူး။

သေချာတာက အခုသတင်းအရဆိုရင် မြန်မာနိုင်ငံမှာ နျူးကလီးယား ထုတ်လုပ်နိုင်မယ့် ကုန်ကြမ်းတွေ တော်တော်ရှိနေလောက်ပြီ ဆိုတာပါပဲ။ ငွေပြတ်နေပြီဖြစ်တဲ့ မင်းအောင်လှိုင်ဟာ မလုပ်ရဲတာ ဘာမှမရှိပါဘူး။ မင်းအောင်လှိုင်ဟာ ငွေရပြီး သတင်းပေါက်ကြားမှု မရှိနိုင်ဘူး ထင်ရင် ဒီကုန်ကြမ်းတွေကို ရောင်းစားဖို့ ဝန်မလေးဘူးဆိုတာ အားလုံးက သတိရှိကြဖို့ လိုပါမယ်။

မင်းအောင်လှိုင်ဆိုတာ သေမထူး နေမထူးဘဝထဲ ကျွံကျနေပြီးသူတယောက် ဖြစ်ပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024