DVB Logo
Home
မြန်မာသတင်း
ကျိုက်လတ်တွင် စစ်ကောင်စီတပ်က ညအချိန် လူစာရင်းလိုက်ကောက်နေ
DVB
·
February 27, 2024
ကျိုက်လတ်တွင် စစ်ကောင်စီတပ်က ညအချိန် လူစာရင်းလိုက်ကောက်နေ
Donate to DVB

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ စစ်ကောင်စီက ညအချိန်တွေမှာ တအိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူနေတာကြောင့် အရပ်သားတွေ စိုးရိမ်ထိတ်လန့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျိုက်လတ်မြို့နယ်မှာ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ဒုတိယအပတ်က စတင်ပြီး ည ၁၁ နာရီတိုင်း အကြောင်းပြချက်မပေးဘဲ အရပ်သားတွေရဲ့ နေအိမ် အိပ်ရာထဲအထိ လိုက်လံရှာဖွေကာ တအိမ်တက်ဆင်း လူဦးရေစာရင်း လိုက်ကောက်နေတာလို့ ဆိုပါတယ်။

ကျိုက်လတ်ဒေသခံ အမျိုးသားတယောက်က “စစ်တပ်က ဦးဆောင်လုပ်နေတာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အရပ်ဝတ်နဲ့ ပျူစောထီးတွေလည်း ပါတယ်။ အိမ်ရှိလူအကုန် ဘယ်နှယောက်လဲမေးပြီး စာရင်းယူနေတာ။ ဒီလူအကုန်ပဲလား မေးပြီး ခြင်ထောင်ထဲအထိ လိုက်စစ်ဆေးတာ။ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း တောင်းပြီးတော့ တိုက်စစ်တာ။ ဘာအတွက် စာရင်းယူတာပါလဲ မေးတာကို အမေးမခံဘူး။ ခင်ဗျားတို့ကို ရှင်းပြစရာမလိုဘူးလို့ ပြောတာ။ စစ်တပ်က အာဏာသိမ်းပြီးကတည်းက တရက်လေးမှ စိတ်မချမ်းသာရဘူး။ အေးအေးချမ်းချမ်းလည်း မနေရဘူး။ ညဘက်တွေလာတော့ လန့်သွားတာပေါ့။ အလုပ်ပင်ပန်းလို့ အနားယူချိန်ဆို ရောက်လာတာပဲ” လို့ ပြောပါတယ်။

ကျိုက်လတ်မြို့နယ်မှာ တအိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူနေတဲ့ လုပ်ငန်းတွေကို လတ်တလော မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နဲ့နီးစပ်တဲ့ ဒေသတွေမှာ စတင်ကောက်ယူနေတာ ဖြစ်ပြီး လာမယ့် မတ်လထဲမှာ ကျေးရွာတွေထဲကိုလာပြီး စစ်ဆေးကောက်ယူမယ်လို့ သိရပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က“လာစစ် စာရင်းယူတဲ့ စစ်တပ်နဲ့ အပေါင်းအပါတွေက အကုန် အရက်တွေမူးနေတာ။ ဘာလုပ်ချင်နေကြတာလဲတော့ မသိတော့ဘူး။ ဘာတွေဖြစ်လို့လဲ၊ အချိန်မရှိတော့ပါဘူးလို့ ပြောတာကို အချိန်မရှိဘူးဆိုတာ မရှိဘူးတဲ့။ တာဝန်နဲ့လာတာတဲ့၊ မိန်းကလေးတွေ အခန်းထဲ အိပ်နေလည်း ဝင်စစ်တယ်။ ဗုဒ္ဓဘာသာ အလေးထားပါတယ်ဆိုတဲ့ စစ်တပ်က သူတို့ကိုယ်တိုင် မြန်မာမိန်းကလေးတွေကို အရှက်ခွဲနေတာ၊ အရှက်ရအောင် လုပ်နေတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်ကောင်စီက နည်းလမ်းမျိုးစုံသုံးကာ အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေပြီး တပ်သားသစ်ရရှိရေးအတွက် လိမ်လည်ခေါ်ယူတာ၊ ခြိမ်းခြောက်တာ၊ စစ်သင်တန်းတက်ဖို့ မဲနှိုက်ခိုင်းတာတွေ ပြုလုပ်နေပြီး လူစာရင်းကောက်ယူတဲ့ နည်းလမ်းကိုသုံးကာ အင်အားဖြည့်တင်းဖို့ ကြိုးစားနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လေးမျက်နှာမြို့နယ် အပါအဝင် မြို့နယ်တချို့မှာ စစ်ကောင်စီတပ်က အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်အမျိုးသားတွေရဲ့ စာရင်းတွေကို အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး လိုက်လံကောက်ယူခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013