DVB Logo
Home
မြန်မာသတင်း
ကရင်နီ လယ်တောကြီးစစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်နေ  
DVB
·
February 27, 2024
ကရင်နီ လယ်တောကြီးစစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်နေ  
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ခြမ်းမှာရှိတဲ့ လယ်တောကြီး စစ်ရှောင်စခန်းမှာရှိတဲ့ စစ်ရှောင်တွေဟာ အရေးပေါ် စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရ ပါတယ်။

၂၀၂၂ ခုနှစ် နှစ်စပိုင်းကတည်းက ဖရူဆို၊ ဒီးမော့ဆို၊လွိုင်ကော်နဲ့ ဘော်လခဲမြို့ကဒေသခံတွေဟာ အဆိုပါ လယ်တောကြီးစစ်ရှောင်နေရာ လမ်းနယ်နိမိတ်မှာ ရွက်ဖျင်တဲတွေထိုးပြီး နေထိုင် နေကြတာပါ။

လယ်တောကြီးစစ်ရှောင်စခန်းမှာ လယ်တော ၁၊ လယ်တော ၂၊ သစ်ယားတော၊ ဆုံစည်းရာ ဆိုပြီး စစ်ရှောင်စခန်းငယ် ၄ ခုခွဲခြားထားပြီး ၁၈ နှစ်အောက်ကလေးငယ် ၄၆၉  ဦးအပါအ၀င် လူဦးရေ ၁၀၄၇ ဦးနေထိုင်ကြကာ ဒေသတွင်းတော်လှန်ရေးတပ်ပေါင်းစုတွေရဲ့ ညွှန်ကြားချက်အရ နေရပ်ပြန်လို့လည်း မရသေးဘူးလို့ သိရပါတယ်။

စစ်ရှောင်စခန်းနေသူ တဦးက “ဒီးမော့ဆိုမှာက ၂၀၂၁ ခုနှစ် ၅ လပိုင်းကတည်းက စစ်စဖြစ်တာ။ အဲဒီတုန်းက တခါ စစ်ရှောင်ရတယ်။ အဲဒီကနေ အိမ်တွေမှာ ခဏပြန်နေလိုက်သေးတယ်။ တချို့တွေလည်း လယ်ပြန်စိုက်ကြတယ်။ အလှူရှင်မလိုဘဲ စား၀တ်နေရေးအဆင်ပြေတယ် ပြောရမှာပေါ့။ အဲဒီကနေ ၂၀၂၂ ခုနှစ်မှာ စစ်ထပ်ရှောင်ရတော့ အခုနေရာကို ရောက်လာတာ ၂၀၂၄ ဇန်န၀ါရီတုန်းကတော့ တခါအလှူရှင်လာတယ်။ အဲဒီကတည်းကနေ မလာတော့တာ။ အဲဒီတုန်းကလည်း တယောက်ကို ဆန် ၁ ပြည်ရတယ်” လို့ ပြောပါတယ်။

စစ်ရှောင်ကော်မတီ၀င်တဦးက “အခုက နေရပ်ပြန်လို့လည်း မရသေးဘူး။ အဓိက မိုင်း အန္တရာယ်။ ပြီးခဲ့တဲ့ ၂၄ ရက်ကမှ ကလေးမလေး နှစ်ယောက် အိမ်ပြန်တာ နေ့ခင်းဆိုတော့ မန်ကျည်းပင် တက်ကြတာ။ မိုင်းထိသွားတယ်။ တယောက်ကတော့ ခြေထောက် ဖြတ်ရတယ်။ ကျမတို့လည်း တတ်နိုင်သမျှ ရနိုင်မယ့်နေရာတွေကိုတော့ အကူအညီတွေ တောင်းနေပါတယ်။ နေရပ်ပြန်လို့ ရရင်တော့ အနည်းဆုံးလယ်ပြန်စိုက်ချင်တယ်။ အဲဒါဆို အလှူရှင်တွေလည်း ၀န်ပေါ့တာပေါ့” လို့ ဆိုပါတယ်။

အဓိက ဆန်၊ ဆီ၊ ဆားနဲ့ အမိုးအကာတွေ လိုအပ်နေပြီး ရာသီတုပ်ကွေး၊ ယားနာတွေကြောင့် ဆေးကုသဖို့တွေလည်း လိုအပ်နေကြကာ ဆန်ကတချို့တွေဆို စားစရာ လုံး၀မရှိ ကြတော့ဘူးလို့ စစ်ရှောင်စခန်းမှာနေထိုင်သူတွေကပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေး စတင်ပြီး ၃ လကျော် ကြာမြင့်လာတဲ့အထိ တပြည်နယ်လုံး အတိုင်းအတာနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ ၂ သိန်းကျော်ဟာ တောတောင်တွေထဲမှာ စစ်ဘေးတိမ်းရှောင်နေကြရကာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013