Home
မြန်မာသတင်း
တန့်ဆည် ကံထူးမရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဒေသခံ ပြည်သူများ စစ်ဘေးရှောင်
DVB
·
February 26, 2024

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမ စံပြကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းနဲ့ ကန့်ဘလူနယ်က ဝါသဝ ပျူစောထီးစစ်ကြောင်းတို့ ပူးပေါင်းပြီး ကံထူးမရွာကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်က ကာကွယ်ရေးတပ်ဖွဲ့တွေ ကံထူးမကျေးရွာရဲစခန်းကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီးတဲ့နောက်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေအပြင် ဖေဖော်ဝါရီ ၂၃ ရက်မှာလည်း ရွာကိုမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ခံရမှုကြောင့် အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ကံထူးမရွာထဲက ဆီဆိုင်၊ ကားဂိတ်၊ လူနေအိမ်တွေ အပါအဝင် ရွာရဲ့ ၆၀ ရာခိုင်နှုန်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမအခြေစိုက် People’s Defense Force တာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား) က “ကံထူးမရွာကို ပြီးခဲ့တဲ့ရက်ကလည်း ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးတယ်။ လေကြောင်းကနေ အကြိမ် ၂၀ တိုက်ခိုက်တယ်။ အခု မီးထပ်ရှို့ဖျက်ဆီးတာပါဆို ကံထူးမရွာက ပျက်စီးမှု အတော်များတယ်။ အဲဒီရွာက အိမ်ခြေ ၁,၀၀၀၊ လူဦးရေ ၅,၀၀၀ ကျော် နေထိုင်တဲ့ ရွာတရွာဖြစ်တယ်။ ကံထူးမရွာမှာလည်း စစ်သားတွေက တပ်ဖြန့်ထားတယ်။ သူ့ရဲ့အရှေ့ဘက်က လက်ဆည်၊ သပြေရင်း၊ ရွှေကြာတန်း၊ ခနောရွာသစ် ကျေးရွာတွေဘက်ကိုလည်း စီးနင်းပြီး ပြည်သူတွေကို သတ်ဖြတ်ဖမ်းဆီးတာတွေလည်း လုပ်နေပါတယ်ဗျ” လို့ ပြောပါတယ်။

တန့်ဆည်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းနဲ့ ဝါသဝ ပျူစောထီးစစ်ကြောင်း နှစ်ကြောင်း စစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံပြည်သူ ၂၀၀၀၀ ကျော် အရေးပေါ် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024