DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို  PDF တပ်များ ထိုးစစ်ဆင်တိုက်ခိုက်
DVB
·
February 26, 2024
ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို  PDF တပ်များ ထိုးစစ်ဆင်တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အစပ်က ခိုင်ကမ်းမြို့နဲ့ သဲကုန်းတန်း-အောင်မြင်သာရွာ စစ်ကောင်စီစခန်းတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ 

ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း စစ်ကောင်စီစခန်း  ၃ ခုကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပါတယ်။ 

နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေတွေကို တော်လှန်ရေးအင်အားစုတွေဘက်က အတိအလင်း ထုတ်ဖော်ပြောဆိုတာမရှိသေးဘဲ တာဝန်ရှိသူတွေက အတည်ပြုထုတ်ပြန်လိမ့်မယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ကလေး PDF တပ်ဖွဲ့ဝင် ကိုနီသွေးက “ကလေးမြို့ ၉ မိုင် ခိုင်ကမ်းနဲ့ သဲကုန်းတန်း အောင်မြင်သာရွာ အဲဒီ နှစ်နေရာ ဒီနေ့တိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်ဗျ။ ဒီမနက်မှာပဲ လေကြောင်းနဲ့ တိုက်ခိုက်မှု တခါလုပ်သွားပြီးပြီ။ ကျနော်တို့ဘက်ကနေ ထိုးစစ်ဆင်တာပါဗျ အခု လက်ရှိအနေအထားက။ သိမ်းဆည်းထားတာ စခန်း ၃ ခုရှိပါတယ်ဗျ ၁၀ ရက်အတွင်းမှာ။ လက်နက်ကြီးနဲ့ကတော့ သူတို့လျှောက်ပြီး ရမ်းပစ်နေတာမျိုးတော့ရှိပါတယ်။ အဓိကကတော့ ပြည်သူတွေရှိတဲ့ ကျေးရွာတွေအတွင်းကို လှမ်းပစ်တာမျိုးတွေ ရှိပါတယ်ဗျ။ ပြည်သူ ထိခိုက်သေဆုံးမှုက မနေ့ကဆိုရင် ကလေးအနောက်ဘက် ဆင်ရွာမှာပြည်သူ ၁ ယောက် သေဆုံးမှုရှိပါတယ်။ ပြီးခဲ့တဲ့ရက်စခန်းသိမ်းတိုက်ပွဲအတွင်းမှာတော့ ကျနော်တို့ဘက်က ကျဆုံး ၃ ယောက်ရှိပါတယ်ဗျ”လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ကလေးမြို့နယ်မှာ စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ရှိနေပြီး စစ်ရှောင်အရေအတွက် ပိုများလာဖို့ရှိနေပါတယ်။

ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်က ပြန်သိမ်းဖို့ဖိအားပေးနေပေမဲ့ တော်လှန်ရေး အင်အားစုတွေကလည်း  တမူးနဲ့ကလေးမြို့ကို တိုက်ခိုက်ပြီး ပြန်လည် ဖိအားပေးနေတာ ဖြစ်ပါတယ်။

ကလေး PDF တပ်ဖွဲ့ဝင် ကိုနီသွေးက “သူတို့ဘက်ကနေ လက်နက်ကြီးနဲ့ ကျေးရွာအတွင်းကို ပစ်ခတ်တဲ့အချိန်မှာတော့ အရပ်သားထိခိုက်မှု သေဆုံးမှုတွေတော့ ရှိပါတယ်ဗျ။ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသက ကျေးရွာတွေကတော့ စစ်ဘေးရှောင်အနေနဲ့ ရှိပါတယ်ဗျ။ ခန့်မှန်း ဆိုရင်တော့ လူ ၅၀၀၀ ရဲ့အထက်မှာ ရှိပါလိမ့်မယ်။ ဒီနေ့ထပ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကနေ စစ်ဘေးရှောင်တွေ ထပ်ထွက်လာဦးမှာတွေရှိပါတယ်” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီစခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မြို့ ၄ မြို့အထိ သိမ်းယူနိုင်ခဲ့ပါတယ်။

ဇန်နဝါရီလဆန်း မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ ယာယီအပစ်ရပ်ပြီးချိန်မှာတော့ စစ်ကောင်စီက သူတို့လက်လွှတ်ခဲ့ရတဲ့မြို့တွေနဲ့ စခန်းတွေကို ပြန်သိမ်းဖို့ ဆက်တိုက်ကြိုးစားခဲ့ပါတယ်။

ပြန်လည်ဖိအားပေး တိုက်ခိုက်ခံရချိန်မှာ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစု အချင်းချင်း မညီညွတ်မှုတွေက စစ်ကောင်စီအတွက် အခွင့်ကောင်းယူစရာ အခြေအနေဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှာ ကောလင်းမြို့က အဓိကအရေးပါတဲ့နေရာတွေအားလုံးကို စစ်ကောင်စီက ပြန်သိမ်းယူခဲ့ပါတယ်။

စစ်ကိုင်းယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက “မြန်မာနိုင်ငံအတွက် ပိုင်အိုးနီးယား(ရှေ့ဆောင်) လိုဖြစ်နေတဲ့အတွက် နည်းပညာအခက်အခဲ၊ လုပ်ငန်းအခက်အခဲ၊ လုံခြုံရေးအခက်အခဲ၊ တွေ့ဆုံ ဆွေးနွေးရေးအတွက် အရမ်းအခက်အခဲ ဖြစ်နေတယ်။ ဒီအတွက်လည်း ပေါင်းစပ်နားလည် ကူညီပေးဖို့ တိုက်တွန်းလိုတယ်။ Bottom to Up (အောက်မှ အထက်) ကို သွားတဲ့ကိစ္စမှာ သွားတဲ့သူတိုင်း တောင်းဆိုတဲ့သူတိုင်း တာဝန်ယူရတဲ့သူတိုင်းက တာဝန်ယူ တာဝန်ခံမှုအပြည့်နဲ့ ချဉ်းကပ်ဖို့လိုသလို ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ရေရှည်ဒါတွေကြည့်ဖို့ လိုပါလိမ့်မယ်။ ယူနစ်ရဲ့ အကျိုးစီးပွားကိုသာ ရှေးရှုပြီး ဆုံးရှုံးနစ်နာသွားတဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝကို အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ဖို့အတွက်က ကျနော်တို့အချင်းချင်း ညီညွတ်ပြီးမှ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီ့အတွက်လည်း စိတ်ရှည်ပေးပါ၊ သည်းခံပေးပါ ယူနစ်အကျိုးအတွက် ရှေးရှုပေးပါလို့ပဲ ကျနော် ပြောချင်ပါတယ်ဗျ။”

စစ်ကောင်စီက စစ်ကိုင်းတိုင်းအထက်ပိုင်း ခါမ်းပါတ်၊ ရွှေပြည်အေးနဲ့ မော်လူးမြို့တွေ ပြန်သိမ်းနိုင်ဖို့ ဆက်တိုက်ကြိုးစားနေသလို ဒေသကာကွယ်ရေးအဖွဲ့တွေကလည်း အဲ့ဒီမြို့တွေရဲ့ အနီးပတ်လည်က စစ်ကောင်စီစခန်းတွေကို ပြန်လည်တိုက်ခိုက်ပြီး စစ်ရေးချိန်ခွင်ညှိဖို့ ကြိုးစားနေတာပါ။

စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ထိန်းနိုင်ဖို့ ကြိုးစားပေမဲ့ စစ်ကိုင်းအထက်ပိုင်းမှာ ရှမ်းနီတပ်တွေနဲ့ ပျူစောထီးတွေ အင်အားကောင်းနေတုန်း ဖြစ်တဲ့အတွက် ဒေသကာကွယ်ရေးအဖွဲ့တွေက အသာစီး မယူနိုင် ဖြစ်နေပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013