DVB Logo
Home
မြန်မာသတင်း
မနိုဗယ်လ်အေးနှင့် ကိုအောင်ကိုဟိန်းတို့အတွက် ဆွမ်းကျွေးအလှူနှင့် ဂုဏ်ပြုပွဲ ကျင်းပ
DVB
·
February 26, 2024
မနိုဗယ်လ်အေးနှင့် ကိုအောင်ကိုဟိန်းတို့အတွက် ဆွမ်းကျွေးအလှူနှင့် ဂုဏ်ပြုပွဲ ကျင်းပ
1 / 5
Donate to DVB

စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဗယ်လ်အေးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ကိုအောင်ကိုဟိန်းတို့အတွက် ဆွမ်းကျွေးအလှူနဲ့ ဂုဏ်ပြုပွဲအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ တောရဘုန်းကြီးကျောင်းမှာ ဖေဖော်ဝါရီ ၂၆ ရက် မနက်က ကျင်းပပါတယ်။

ဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့သလို  နိုင်ငံရေးအင်အားစုတွေ၊ တော်လှန်ရေးမှာ ပါဝင်ကြသူတွေ၊ စာနယ်ဇင်းမိတ်ဆွေတွေကို ဖိတ်ကြားပြီး အမှတ်တရ ဂုဏ်ပြုအခမ်းအနားပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

မနိုဗယ်လ်အေးရဲ့ မောင်ဖြစ်သူ ကိုထက်မြက်က “ဒီပွဲလုပ်ရတဲ့ ရည်ရွယ်ချက်က ကျနော့် အမတယောက်တည်းကို ဂုဏ်ပြုချင်လို့ လုပ်ရတာ မဟုတ်ဘူး။ ကျနော့်အမလို တော်လှန်ရေးမှာ တိုက်ပွဲဝင်ကြသူတွေကို စစ်ကောင်စီက ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့သူတွေ အားလုံးအတွက် အသံပျောက်မသွားဖို့ လုပ်ရခြင်းဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက်က ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ‌ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဗယ်လ်အေးနဲ့ ကိုအောင်ကိုဟိန်းတို့ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ သတင်းဌာနတွေက ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့မှာတော့ ဝေါမြို့နယ် တရားရုံးမှာ ရုံးထုတ်အပြန် ကျိုက်လတ်ရွာအရောက် မနိုဗယ်လ်အေးနဲ့ ကိုအောင်ကိုဟိန်း ထွက်ပြေးတယ်ဆိုပြီး စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

မနိုဗယ်လ်အေးဟာ ဗကသများအဖွဲ့ချုပ်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတဦးဖြစ်ပြီး ၁၉၉၈ ခုနှစ်၊ ဒဂုံတက္ကသိုလ် ကျောင်းသားသပိတ်၊ ၂၀၀၇ ရွှေဝါရောင် သံဃာ့တော်လှန်ရေးမှာ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့အတူ ပါဝင်လှုပ်ရှားခဲ့သူဖြစ်သလို စစ်အာဏာရှင်တွေရဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသူ တဦးလည်း ဖြစ်ပါတယ်။  

Photo- Myo naing

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013