DVB Logo
Home
မြန်မာသတင်း
ရမ်းဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံး
DVB
·
February 26, 2024
ရမ်းဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံး
1 / 5
Donate to DVB

မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က ရမ်းဗြဲမြို့မှာ စစ်ကောင်စီတပ်သား ၆၀ ကျော်ကို ဖေဖော်ဝါရီ ၂၄ နဲ့ ၂၅ ရက်နေ့တို့မှာ ရှင်းလင်းသုတ်သင်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က ထုတ်ပြန်ပါတယ်။

ရဟတ်ယာဥ် ၄ စီးနဲ့ ၇ ကြိမ်တိုင်တိုင် စစ်ကူချပေးခဲ့သော စစ်ကောင်စီတပ်ရင်းနှစ်ခုမှ အင်အား ၁၂၀ လောက်ပါရှိတဲ့ ပူးပေါင်းစစ်ကြောင်းကို ရက္ခိုင့်တပ်တော်က ချေမှုန်းတိုက်ခိုက်ခဲ့ရာမှာ ရန်သူ ၆၀ ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ရင်းတွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ အေအေထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရမ်းဗြဲမြို့တွင်းတိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ အနောက်တောင်ပိုင်းစစ်ဌာနချုပ် လက်အောက်ခံ၊ ဧရာဝတီတိုင်း ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ရင်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ ၃၇၇ တပ်ရင်းတွေကနေ ရဟတ်ယာဥ် ၄ စီးနဲ့ ၇ ကြိမ်တိုင်တိုင် ရမ်းဗြဲမြို့ကို အင်အားဖြည့်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ရမ်းဗြဲမြို့တွင်းတိုက်ပွဲမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဘက်က စစ်ကောင်စီတပ်သား အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိမိတယ်လို့ အေအေက ဆိုပါတယ်။

ရမ်းဗြဲမြို့ဒေသခံတဦးက “မြို့တွင်းတိုက်ပွဲတွေကတော့ နေ့တိုင်းဖြစ်နေတယ်လို့ သိရတယ်။ သေနတ်သံ၊ လက်နက်ကြီးသံတွေကို နေ့တိုင်းကြားရတယ်။ လေယာဥ်နဲ့ကော နေဗီနဲ့ပါ နေ့တိုင်းပစ်တယ်။ မြို့နဲ့ အနီးတဝိုက်က ကျေးရွာတွေကိုလည်း လေယာဥ်နဲ့ လာပစ်တာတွေရှိတယ်။ အခုထိတော့ ရမ်းဗြဲမြို့ထဲမှာ မီးလောင်တာတွေ ရှိနေတုန်းပဲ” လို့ ပြောပါတယ်။

ရမ်းဗြဲမြို့တွင်းတိုက်ပွဲဟာ သုံးလကျော်လာခဲ့ပြီဖြစ်ပြီး ရက္ခိုင့်တပ်တော်က ရမ်းဗြဲမြို့ကို ရရှိဖို့ အပြင်းအထန် တိုက်ခိုက်နေပေမဲ့ စစ်ကောင်စီက ရေကြောင်း၊ လေကြောင်း အပါအဝင် လက်နက်အင်အား၊ လူအင်အားတွေပါ ဖြည့်တင်းပြီး ရမ်းဗြဲမြို့ပေါ်နဲ့ အနီးအနားရွာတွေကို ပစ်ခတ် နေပါတယ်။

မြို့တွင်းတိုက်ပွဲတွေကြောင့် ရမ်းဗြဲမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ လောင်းချောင်း၊ ကင်းတဲ၊ ကုလားတန်း၊ ရွှေတုံး၊ တောင်ဥက္ကလာ၊ သာယာကုန်း စတဲ့ မြို့ပေါ်ရပ်ကွက်တွေ အများစုက နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးပြီး ရမ်းဗြဲမြို့ဟာ ရခိုင်ပြည်နယ်မှာ ပေါက်တောမြို့ပြီးရင် ဒုတိယမြောက် လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးမြို့ ဖြစ်တယ်လို့လည်း အေအေက ဆိုပါတယ်။

ရမ်းဗြဲမြို့ အရပ်ဘက်အဖွဲ့အစည်းတခုမှ လူငယ်တဦးက “မြို့ထဲကအိမ်တွေ အများစုကတော့ မီးလောင်တဲ့အထဲ ပါသွားပြီ။ ကျန်တဲ့အိမ်တွေကိုလည်း ဖောက်တဲ့သူကဖောက်၊ ခိုးတဲ့သူကခိုးနဲ့ဆိုတော့ ရမ်းဗြဲမြို့မှာ ဘာမှမကျန်တော့ဘူး။ တိုက်ပွဲတွေပြီးသွားရင်တော့ မြို့ထဲမှာ လက်နက်ကြီးအကြွင်းအကျန်တွေနဲ့ မိုင်းအန္တရာယ်တွေ အများကြီး ကျန်ခဲ့နိုင်တယ်” လို့ ပြောပါတယ်။

ရမ်းဗြဲမြို့ဟာ ရခိုင်ပြည်တောင်ပိုင်းမှာ စစ်ရေးအရ အချက်အချာကျတဲ့မြို့ ဖြစ်တဲ့အပြင် ကျောက်ဖြူ၊ တောင်ကုတ်၊ မအီ၊ သံတွဲ၊ အမ်း စတဲ့မြို့တွေရဲ့ ဆုံချက်အရပ်ဖြစ်သလို ကျောက်ဖြူ၊ စစ်တွေ၊ ရန်ကုန် ကားလမ်းရဲ့ အလယ်မှာ တည်ရှိတဲ့အတွက် အရေးပါတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။

မြို့တွင်းတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေဟာ တနေ့ထက်တနေ့ ပိုများလာပြီး စားရေးသောက်ရေး အပါအဝင် ဆေးဝါးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အထား အကူအညီတွေကို ဒေသခံတွေ လိုအပ်နေပါတယ်။

စစ်ကောင်စီဘက်က ရမ်းဗြဲမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၁၅ ခုမှာ ဖုန်း၊ အင်တာနက်လိုင်း အပါအဝင် ကုန်ပစ္စည်းသယ်ယူခွင့်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခွင့်၊ သတင်းအချက်အလက်စီးဆင်းခွင့်၊ ခရီးသွားလာခွင့်တွေကိုပါ ပိတ်ပင်ထားပြီး ရခိုင်လူငယ်လူရွယ်တွေကိုလည်း ဖမ်းဆီးနေပါတယ်။

PHOTO CREDIT-AA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013