DVB Logo
Home
မြန်မာသတင်း
ဘုတလင်နှင့် ရေးမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ရပြီး အနည်းဆုံး ၁ ဦးသေ
DVB
·
February 25, 2024
ဘုတလင်နှင့် ရေးမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ရပြီး အနည်းဆုံး ၁ ဦးသေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ် ဖေဖော်ဝါရီ ၂၅ ရက် ဒီနေ့ တိုက်ခိုက်ခံရပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်မှာလည်း အိမ်စီးကားနဲ့လာတဲ့ စစ်ယာဉ်တန်းတိုက်ခိုက်ခံရလို့ အနည်းဆုံး ၁ ယောက် သေဆုံးခဲ့ပါတယ်။

ဘုတလင်မြို့နယ်၊ ကွမ်းခြံရွာနားမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ် ၁၂ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဟာ အလုံမြို့အနီး အနောက်မြောက်တိုင်း စစ်ဌာနချုပ်စခန်းကို ကာကင်းအဖြစ် လုပ်ဆောင်နေတဲ့ စစ်တပ်ဖြစ်တယ်လို့လည်း သိရပါတယ်။

ကွမ်းခြံရွာသားတယောက်က “သူတို့က မရိုးတောတောင်ရွာကနေထွက်လာတဲ့ စစ်ကြောင်းဗျ။ စစ်တပ်က ရွာတွေဘက် စစ်ကြောင်းထိုးလာတယ်ဆိုရင် ထုံးစံအတိုင်း ရွာသူရွာသားတွေက နေရပ်စွန့်ခွာ ထွက်ပြေးရတာပဲဗျာ။ အဲဒီလို ကျနော်တို့ ရွာက‌နေ ထွက်ပြေးပြီး ခဏနေကျတော့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်တဲ့ သေနတ်အသံတွေ ကြားရ‌‌တော့တာပဲဗျ။ အထိအခိုက်ကတော့ အသက် ၃၀ အရွယ်တဦးနဲ့ အသက် ၅၀ အရွယ် ပြည်သူ ၂ ဦးကတော့ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည် ကျပြီး ထိခိုက်တာ‌တော့ရှိတယ်” လို့ ပြောပါတယ်။

ကွမ်းခြံရွာဟာ ချင်းတွင်းမြစ်ကမ်းဘေးမှာ တည်ရှိပြီး အနောက်မြာက်တိုင်း စစ်ဌာနချုပ်စခန်းတွေနဲ့ ၂ မိုင်ကျော်လောက်သာ ဝေးတဲ့ ကျေးရွာတရွာလည်း ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Chindwin Brothers အဖွဲ့ တာဝန်ရှိသူက “တိုက်ပွဲဖြစ်တာကတော့ ကျနော်တို့အဖွဲ့က ကွမ်းခြံရွာကနေ တောင်ဘက်ကို ပြန်ထွက်လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဗျ။ နောက်ထပ်ကတော့ စလွန်းရွာနဲ့ ဦးသာဘုံကိုင်း ကျေးရွာကြားမှာ တိုက်ပွဲထပ်ဖြစ်ကြသေးတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူးဗျ။ သူတို့ဘက်က အထိအခိုက်တော့ များတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီကို Chindwin Brothers အဖွဲ့၊ မြို့နယ်အုပ်ကြီးအဖွဲ့တို့ ပူးပေါင်းမိုင်းဆွဲခဲ့တာဖြစ်ပြီး ကနီ၊ ဘုတလင်၊ ယင်းမာပင်မြို့နယ်က ပြည်သူကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေ၊ LPDF အဖွဲ့တွေနဲ့ အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

ကွမ်းခြံရွာကို ဖေဖော်ဝါရီ ၁၃ ရက်ကလည်း စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ခဲ့တာ‌ကြောင့် နေအိမ် ၃၀ ကျာ် မီး‌လောင် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-မော်လမြိုင် ကားလမ်း မော့ကနင်ကြိုးတံတား စံပြရွာနားမှာ စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ဒီနေ့ မနက် ၉ နာရီကျော်က တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

ရေးဘက်ကနေ မော့ကနင်ရွာကားလမ်းဘက်ကို အိမ်စီးကား ၁၁ စီးနဲ့လာနေချိန် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၁ ယောက်သေ၊ ၂ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခမရ ၅၈၈ တပ်နဲ့ ယာဉ်တန်းပါ စစ်ကောင်စီတပ်တို့ မှားယွင်းပစ်ခတ်ခဲ့ကြသေးပြီး အသေအပျောက်ရှိနိုင်တယ်လို့ ရှေ့တန်းရောက် တောင်ညိုစစ်ကြောင်းတပ်ဖွဲ့ဝင် တာဝန်ရှိသူက ပြောပါတယ်။

မြေပြင်သတင်းတွေအရ ခလရ ၅၈၆ တပ်ရင်းက ၁ ယောက်သေဆုံးပြီး ခမရ ၅၈၈ တပ်ရင်းက အရာရှိ ၁ ယောက်အပါဝင် ၂ ယောက် ထိခိုက်ဒဏ်ရာရလို့ လမိုင်းဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသခံနေရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း မော့ကနင်ကဒေသခံ အရပ်သားတယောက်လည်း ထိမှန်ဒဏ်ရာရတယ်လို့ ို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013