DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေး အောင်သည်အထိ ထောက်ပို့တိုက်ပွဲဝင်မည်ဟု ပြည်ပရောက် ချင်းလူမျိုးများ ပြော
DVB
·
February 25, 2024
တော်လှန်ရေး အောင်သည်အထိ ထောက်ပို့တိုက်ပွဲဝင်မည်ဟု ပြည်ပရောက် ချင်းလူမျိုးများ ပြော
1 / 5
Donate to DVB

တော်လှန်ရေးအောင်နိုင်တဲ့အထိ ထောက်ပို့တိုက်ပွဲဝင်သွားမယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာပြုလုပ်တဲ့ ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ ချင်းတိုင်းရင်းသားတွေက ပြောဆိုလိုက်ပါတယ်။

ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီမှာ ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပခဲ့ပြီး ချင်းတိုင်းရင်းသားထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။

ပြည်ပရောက် ချင်းတိုင်းရင်းသားတွေ စုစည်းညီညွတ်ရေးနဲ့ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းနိုင်ရေး တို့အတွက် ရည်ရွယ်ပြီး ချင်းအမျိုးသားနေ့ကို နှစ်စဉ်ကျင်းပခဲ့တာဖြစ်တယ်လို့ D.C Area ချင်းလူ့အဖွဲ့အစည်းဥက္ကဋ္ဌက ပြောပါတယ်။

ချင်းအမျိုးသားနေ့အခမ်းအနားမှာ ပြည်တွင်းက စစ်ဘေးသင့်ပြည်သူတွေကို အကူအညီပေးဖို့ ရန်ပုံငွေရှာဖွေပွဲတွေကိုပါ ထည့်သွင်းကျင်းပခဲ့ပြီး ရရှိလာတဲ့ရန်ပုံငွေအားလုံးကို တော်လှန်ရေးအတွက် လှူဒါန်းမယ်လို့ သိရပါတယ်။

Chin Community of USA, Inc. - D.C Area ရဲ့ ဥက္ကဋ္ဌ ဒေါင်ခုပ်က “ချင်းလူမျိုးတွေက ရောက်တဲ့နေရာဒေသတိုင်းမှာ ချင်းအမျိုးသားနေ့ကိုကျင်းပသလို အခုနွေဦးတော်လှန်ရေးမှာလည်း ကျနော်တို့ချင်းတွေက တူမီးကိုင်ပြီးရှေ့ဆုံးကနေပြီးတော့မှ ပါဝင်ကြတယ်။ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးကိုလည်း ကျနော်တို့ချင်းတွေကနေပြီးတော့မှ တတ်နိုင်တဲ့ဘက်က တိုက်ပွဲဝင်သလို ဆက်လက်ပြီးတော့မှ နိုင်တဲ့အထိတိုက်ပွဲဝင်သွားပါမယ်လို့ အဲ့ဒါကို ကျနော်ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ချင်းအမျိုးသားနေ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ NUG သတင်းအချက်အလက် နည်းပညာပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဒုဝန်ကြီးနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့ပါတယ်။

ချင်းပြည်နယ်ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ပြီးရင် စစ်ကောင်စီရဲ့ အဆိုးရွားဆုံး ဖိအားပေး တိုက်ခိုက်တာကိုခံနေရတဲ့ဒေသဖြစ်ပြီး လတ်တလောမှာ စစ်ကိုင်း-ချင်း-မကွေးနယ်စပ်က သောင်းနဲ့ချီတဲ့ တိုင်းရင်းသားတွေဟာ စစ်ဘေးသင့်နေကြပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတာပါ။

Sizang Burmese Mission Church က Rev. Dr. George Cin Za Mang “ကျနော်တို့ချင်းလူမျိုးတွေက အမေ့ခံလူမျိုးတွေဖြစ်တယ်။ မြန်မာပြည်ထဲမှာ ကျနော်တို့ပြည်နယ်က State က Forgotten ဖြစ်တယ်။ မပြင်မဆင်ထားခဲ့တယ်။ လမ်းတွေဘာတွေမလုပ်ပေးဘူး။ တက္ကသိုလ်ကောလိပ်လည်းမရှိခဲ့ဘူး။ အားလုံးပစ်ထားတဲ့နေရာဖြစ်တယ်။ ကျနော့်ရင်ထဲမှာတော့ တနေ့ ချင်းပြည်နယ် သို့တည်းမဟုတ် မြန်မာနိုင်ငံတခုလုံးကို ပြန်လည်ပြုပြင်ထူထောင်ဖို့အတွက် အခု ဒီမှာရောက်နေတဲ့ ပြည်သူပြည်သားများ အားလုံးက အဆင်သင့်ဖြစ်တယ်ဆိုတာ ဒီနေ့ ကျနော်ပြောချင်ပါတယ်။ ကျနော်တို့ နေ့စဉ်နဲ့အမျှ မျက်ရည်ကျပြီးတော့ ဆုတောင်းနေကြတာဖြစ်ပါတယ်လို့လည်း ကျနော်ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်ဟာ ပထဝီအနေအထားအရ သဘာဝသယံဇာတမကြွယ်ဝသလို စိုက်ပျိုးရေး လုပ်ငန်းလည်း ကောင်းကောင်းမဖြစ်ထွန်းတဲ့ ဒေသဖြစ်ပါတယ်။

ခေတ်အဆက်ဆက်အစိုးရတွေက လစ်လျူရှုခဲ့တာကြောင့် မြန်မာနိုင်ငံမှာ အဆင်းရဲဆုံး ပြည်နယ်ဖြစ်ခဲ့ပေမယ့် နွေဦးတော်လှန်ရေးမှာတော့ ချင်းလူငယ်တွေက ဦးဆောင်နေရာကနေ ပါဝင်ခဲ့တာပါ။

NUG သတင်းအချက်အလက်နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က “ချင်းလူမျိုးတွေရဲ့ ဇွဲနဲ့နဘဲနဲ့ တူမီးကနေ စခဲ့တဲ့ တော်လှန်ရေးက အခုတော်တော် အရှိန်အဟုန်ရလာပြီဖြစ်တယ်။ လွတ်မြောက်နယ်မြေလို့ ကျနော်တို့ပြောရမယ့်အထဲမှာ ချင်းပြည်နယ်သည် ပထမဦးဆုံး သို့မဟုတ်ရင် ဒုတိယမြောက် လွတ်မြောက်လာနိုင်တဲ့ နယ်မြေဖြစ်တယ်ဆိုတာကိုလည်း အားလုံးက သိရှိကြပြီး ဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း စစ်ကောင်စီက အငြှိုးထားပြီးတော့ကို ဒီနေရာမှာ အကြမ်းဖက် ကိစ္စတွေကို ပိုပြီးတော့ဆောင်ရွက်နေတာဖြစ်တယ်လို့ ကျနော်တို့က မြင်တယ်ပေါ့ဗျာ။ အဲ့ဒီတော့ လုံးဝ ကျနော်တို့က ဒါကို အားနည်းသွားစရာ အကြောင်းမမြင်ဘူး။ အောင်မြင်မှုနဲ့ပန်းတိုင်နဲ့ နီးစပ်လာတဲ့ အချိန်မှာ ပိုပြီးတော့ တိုက်ပွဲတွေပြင်းထန်လာတဲ့ အနေအထားဖြစ်လာမယ်ဆိုတာကို ကျနော်တို့က မျှော်မှန်းပြီးသားဖြစ်တယ်။ အဲဒီအတွက်ကိုလည်း ပြည်သူလူထုက စိတ်ဓါတ်ကျစရာမလိုဘူး။ အောင်ပွဲနီးလာလို့ ပိုပြီးတော့ ဇွဲနဲ့နဘဲနဲ့ ရုန်းကန်ရမယ့်အနေအထားဖြစ်လာတယ်လို့ ကျနော်ကတော့ ယုံကြည်ထားပါတယ်” လို့ ပြောပါတယ်။

၂၀၂၃ ဒီဇင်ဘာလအထိမှတ်တမ်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီနဲ့လက်အောက်ခံတွေက နိုင်ငံတဝှမ်းနေအိမ် ၇ သောင်း ၈ ထောင်ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အဲဒီထဲမှာ ချင်းပြည်နယ်က နေအိမ် ၂,၀၀၀ နီးပါးပါဝင်ခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ တော်လှန်ရေးအင်အားစုတွေက ချင်ပြည်နယ်ထဲက ရိဒ်ခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာ၊ မကွီအိမ်နူး၊ ဝေဘူလ၊ နာရိန်း၊ ဆမီး၊ ပလက်ဝ၊ ဆူရ်ခွား မြို့တွေ သိမ်းယူနိုင်ခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013