DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် အိမ်ခြံမြေအရောင်းအဝယ် ကျဆင်း၊ ဆောက်လုပ်ရေးလုပ်သားများ အလုပ်လက်မဲ့ဖြစ်
DVB
·
February 25, 2024
ဧရာဝတီတိုင်းတွင် အိမ်ခြံမြေအရောင်းအဝယ် ကျဆင်း၊ ဆောက်လုပ်ရေးလုပ်သားများ အလုပ်လက်မဲ့ဖြစ်
Donate to DVB

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အိမ်၊ ခြံမြေ အရောင်းအဝယ်ကျဆင်းပြီး ပုဂ္ဂလိကဆောက်လုပ်ရေလုပ်ငန်းတွေ ရာနှုန်းပြည့် မလည်ပတ်နိုင်သေးတဲ့အတွက် လုပ်သားသောင်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်နေရတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းတွေဟာ စစ်တပ်အာဏာမသိမ်းခင်အချိန်က အဆင်ပြေပြေ လည်ပတ်နိုင်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်ကစတင်လို့ လက်ရှိအချိန်အထိ လုပ်ငန်းတွေ ရာနှုန်းပြည့် မလည်ပတ်နိုင်ဘဲ ၆၀ ရာခိုင်နှုန်းလောက်ပဲ လည်ပတ်နေရတဲ့အတွက် လုပ်သားဦးရေ ၁ သောင်းကျော်လောက် အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင် တယောက်က “တိုင်းအတွင်း ဆောက်လုပ်ရေး လုပ်ငန်းတွေ ရာနှုန်းပြည့် မလည်ပတ်နိုင်သေးတာက ပြည်တွင်းနိုင်ငံရေး စစ်တပ်က အာဏာသိမ်းခဲ့တော့ ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးတက်လာတာကြောင့်ပါ။ လက်ရှိ ၆၀ ရာခိုင်နှုန်း အထိလောက်ပဲ လည်ပတ်နိုင်သေးပါတယ်။ ဆောက်လုပ်စရိတ်နဲ့ ကုန်စရိတ်တွေ အရမ်းတက်နေတာနဲ့ အကျိုးအမြတ်တွေ ကွာဟမှုတွေ ရှိတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ကျဆင်းနေတာဖြစ်တယ်။ ဒါကြောင့်လည်း လုပ်သားပျှမ်းမျှ ၁ သောင်းကျော်အထိ အလုပ်လက်မဲ့ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ဈေးကွက်မှာလည်း ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၄ နှစ်စပိုင်းအထိ အရောင်းဝယ် ၇၀ ရာခိုင်နှုန်း လောက်အထိ ကျဆင်းနေဆဲဖြစ်တယ်လို့ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

အိမ်ခြံမြေအကျိုးဆောင်တယောက်က “အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ် ဖြစ်ဖို့ မပြောနဲ့။ ငုတ်တုတ်ကို မေ့နေတာ။ အရင်နှစ်တွေနဲ့ ဘာမှမဆိုင်ဘူး။ ဆောက်လုပ်ရေးလုပ်ငန်း ဆက်စပ်နေတဲ့ အိမ်ခြံဈေးကွက်မှ မကောင်းတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ဘယ်အဆင်ပြေပါ့မလဲ။ လုံးဝ ရပ်မသွားတာကပဲ ကံကောင်းနေတယ်လို့ပြောရမှာ” လို့ ပြောပါတယ်။

အဲဒီဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ အဓိကကုန်ကြမ်းဖြစ်တဲ့ သုတ်ဆေး၊ သွပ်၊ သံ၊ ရေချိုးခန်းသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းတွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို ပြည်ပနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှားနဲ့ စင်္ကာပူ စတဲ့နိုင်ငံတွေက တင်သွင်းနေရတာ ဖြစ်ပြီး လက်ရှိ ပြည်တွင်းမှာ နိုင်ငံခြားငွေသုံးစွဲတာ လျှော့ချလာတဲ့အတွက် အဲဒီပစ္စည်းတွေကို ရာနှုန်းပြည့်တင်သွင်းနိုင်တဲ့ အခြေအနေမရှိဘူးလို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013