DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ-မြိတ် အမြန်ရေယာဉ် ရပ်နားထားသဖြင့် ဒေသခံများ အခက်ကြုံ
DVB
·
February 25, 2024
တနင်္သာရီ-မြိတ် အမြန်ရေယာဉ် ရပ်နားထားသဖြင့် ဒေသခံများ အခက်ကြုံ
Donate to DVB

တနင်္သာရီမြို့နယ်ကနေ မြိတ်မြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်အမြန်ရေယာဉ်ခရီးစဉ် ရပ်နားထားတာ ၂ လကျော်ကြာခဲ့ပြီဖြစ်ပြီး ကုန်းလမ်းမပေါက်လို့ ရေလမ်းကိုပဲ အဓိကအသုံးပြု သွားလာနေကြတဲ့ ကျေးရွာတချို့က ဒေသခံတွေ အခက်အခဲတွေကြုံနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလလယ်လောက်က မြိတ်ယောကြီးဝ ဆိပ်ခံတံတားမှာ အဲဒီ အမြန်ရေယာဉ်ပေါ် ဘိန်းစာမှုန့်တချို့ ဖမ်းဆီးမိကတည်းက မြိတ်-တနင်္သာရီခရီးစဉ်ကို မပြေးဆွဲတော့ဘဲ ဒီနေ့အထိ ရပ်နားထားတာလို့ ပဝ ဒေသခံတယောက်က ပြောပါတယ်။

အခုလို ခရီးစဉ်ရပ်ထားတာကြောင့် ကုန်းလမ်းမပေါက်လို့ ရေလမ်းကို အဓိက အသုံးပြုပြီး သွားလာနေကြတဲ့ တနင်္သာရိမြို့နယ်ထဲက ပဝကျေးရွာ၊ လယ်သစ်ရွာနဲ့ သာရဖုံကျေးရွာတို့က ဒေသခံတွေ သွားလာရအခက်အခဲရှိနေကြတာဖြစ်ပါတယ်။

လယ်သစ်ရွာ ဒေသခံတယောက်က “စားနပ်ရိက္ခာတွေကိုတော့ ပဝရွာမှာ သွားဝယ်ရတာလည်း ရှိတယ်။ ကျနော်တို့မှာတော့ သွားရတာ အဆင်မပြေပါဘူး။ ကုန်းလမ်းကဆိုတော့ အစစ်အဆေးများလို့ ရွာသားအများစုက သွားလာလို့မရဲကြပါဘူးဗျ။ ကားနဲ့သွားရင် လူဦးရေ ကန့်သတ်ပြီး သွားရတယ်။ အခုနောက်ပိုင်းတော့ သွားလာရ ခရီးပင်ပန်းပါတယ်” လို့ ပြောပါတယ်။

လယ်သစ်ရွာဟာ ကုန်းလမ်းမပေါက်လို့ ရေလမ်းကိုပဲ အားထားသွားလာနေရတာဖြစ်ပြီး အမြန်ရေယာဉ်မရှိလို့ သွားလာလိုရင် တနင်္သာရီမြစ်တဖက်က ဇဝဲရွာနဲ့ ဆင်ဒင်ရွာဆီကို လှေနဲ့ အရင်ကူးပြီးတော့မှ အဲဒီကတဆင့် မြိတ်ကို ကားစီးသွားရတာ ဖြစ်ပါတယ်။

လယ်သစ်ရွာသားတယောက်က “လှေငယ်နဲ့တဆင့် ဇဝဲရွာကို သွားပြီး ကားနဲ့သွားရတာပါ။ အာဏာမသိမ်းခင်ကဆို မောင်းလှော်ကနေ ကူးတို့ ကူးပြီး မြိတ်ကို တိုက်ရိုက်သွားလို့ရပါတယ်။ ခုနောက်ပိုင်းဆိုတော့ မောင်းလှော်ဘက်ကိုလည်း သွားလို့မရဘူးပေါ့။ ဒီလိုနဲ့ ပင်ပန်းခံ လှေငယ်နဲ့ သွားပြီးမှ ကားနဲ့သွားရပါတယ်” လို့ ပြောပါတယ်။

အမြန်ရေယာဉ် မပြေးဆွဲတော့တဲ့ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာမှာတော့ မြိတ်ဘက်ကို ကုန်းလမ်းကနေ ရောက်တဲ့အတွက် ကားပြေးဆွဲနေတာရှိပေမဲ့ လမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေက တင်းကျပ်တာကြောင့် ခရီးကြန့်ကြာပြီး စရိတ်လည်း ပိုပေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013