
တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ တနင်္သာရီ PDF နဲ့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၁ ရက် နေ့လယ် ၂ နာရီခွဲလောက်က ဘန်လောကျေးရွာအုပ်စု ၆ မိုင်ရွာအနီးမှာ ကာကင်းယူထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ မြိတ်ခရိုင် PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြိတ်ခရိုင် တပ်ရင်း (၃) PDFမှ ရဲဘော်တယောက် ကျဆုံးခဲ့ပါတယ်။
အဲဒီနေ့ ညနေ ၅ နာရီ ၁၀ မိနစ်လောက်မှာ စစ်ကောင်စီတပ်နဲ့ မြိတ်ခရိုင် PDF တို့ ၅ မိုင်ရွာအနီးမှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တယောက် ဒဏ်ရာရကာ တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြိတ်ခရိုင် တပ်ရင်း (၂) PDF မှ တာဝန်ရှိသူတယောက် “ရန်သူစစ်ကား ၈ စီးလောက်က တနင်္သာရီမြို့ဘက်ကနေလာပြီး ဘန်လောလမ်းဆုံကို ဖြတ် ခမရ(၅၆၁) တပ်ရင်းထဲ ဝင်သွားတယ်။ ကျနော်တို့က အဲဒီစစ်ကြောင်းကို ကာကင်းယူပေးတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်တာပါ” လို့ ပြောပါတယ်။
အခုလက်ရှိမှာတော့ စစ်ကောင်စီရဲ့ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းက အင်အားအများအပြားနဲ့ ဘန်လောကျေးရွာအုပ်စု၊ ထုံတော်ရွာနားမှာ တပ်ဖြန့်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
တနင်္သာရီမြို့နယ်၊ ၆ မိုင်နဲ့ ၅ မိုင်ရွာရှိ ဒေသခံတွေကတော့ စစ်ရေးအခြေအနေပေါ်မှာ မူတည်ပြီး အနီးနားရှိ ကျေးရွာတွေမှာ ယာယီစစ်ရှောင်နေရတယ်လို့ သိရပါတယ်။










