DVB Logo
Home
Lead Story
မင်းဆိုးမင်းညစ်၊ တိုင်းပြည်သစ္စာဖောက်၊ လူသတ်သမား
DVB
·
February 25, 2024
မင်းဆိုးမင်းညစ်၊ တိုင်းပြည်သစ္စာဖောက်၊ လူသတ်သမား
Donate to DVB

ချားလ်စ်ဘုရင် ၁ ၏ အဖြစ်မျိုး ယခင်က အင်္ဂလန်သမိုင်းတွင်ရော ဥရောပသမိုင်း၌ပါ တကြိမ်တခါမှ မဖြစ်ပွားခဲ့။ ဘုရင်တပါးကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကြောင့် ပထမဦးဆုံး ရုံးတင်စစ်ဆေးခံလိုက်ရသောကြောင့် ဖြစ်သည်။ ချားလ်စ်ဘုရင်က သူ့ကိုယ်သူ ဘုရင်များ၏ ဘုရားပေး အာဏာရှိသူဟု သတ်မှတ်ထားသူဖြစ်သည်။ ဘုရင်ကို ဘုရားသခင်က ရွေးချယ်ထားသည်ဖြစ်ရာ လောကီရေးရာနှင့်ဆိုင်‌သော မည်သည့်အာဏာပိုင်အဖွဲ့ကမှ ၎င်းအား အရေးယူပိုင်ခွင့်မရှိဟု ယုံမှတ်ထားသည်။ သူသာလျှင် အလုံးစုံသော အာဏာပိုင်ဖြစ်ပြီး ဥပဒေပြုပိုင်ခွင့် အာဏာမှာလည်း သူတဦးတည်း၌သာ ရှိသည်ဟု ယုံကြည်ထားသည်။ ဤသဘောထားကြောင့် ပါလီမန်နှင့် သဘောထားကွဲလွဲမှု ဖြစ်လာတော့သည်။ ပါလီမန် ဆိုသည်မှာလည်း ဘုရင့်စိတ်တိုင်းကျ ကျင်းပခွင့်၊ ဖျက်သိမ်းခွင့် ရှိသည်ဟု ထိုစဉ်က ယူဆထားကြသည်။ သို့တိုင် ပါလီမန်မှာ တစထက်တစ အားကောင်းလာနေသည်။

၁၆၄၁ တွင် ချားလ်စ်ဘုရင်သည် ပါလီမန်၏ သဘောတူညီချက်မရဘဲ အိုင်ယာလန်ပြည် သူပုန်ထမှုကို နှိမ်နှင်းရန် စစ်အသုံးစရိတ်ကို တိုးမြှင့်လိုက်သည်။ ဤသို့ဖြင့် ပါလီမန်နှင့် ထိပ်တိုက်တိုးလာပါတော့သည်။ ၁၆၄၂ ဇန်နဝါရီလ ၃ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ငါးဦးကို ချားလ်စ်ဘုရင်က ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့ရာ ပြဿနာမှာ အမြင့်ဆုံးအဆင့် ရောက်ရှိလာပါတော့သည်။ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင် ဘုရင်ကို အာခံလာတော့သည်။

ပြည်တွင်းစစ်၊ ရုံးတင်စစ်ဆေးမှု

၁၆၄၂ မှ ၁၆၅၁ အထိ ပြည်တွင်းစစ် သုံးကြိမ် ဖြစ်ပွားခဲ့ရာ အဆုံးသတ်တွင် အိုလီဗာခရွမ်းဝဲလ်၏ ဦးဆောင်မှုဖြင့် ပါလီမန်အဖွဲ့က အောင်ပွဲအရယူနိုင်ခဲ့သည်။ ထိုစစ်ပွဲများအတွင်း လူဦးရေ ၂ သိန်းကျော် သေဆုံးခဲ့သည်။ ချားလ်စ်ဘုရင်ကိုလည်း ၁၆၄၆ ၌ နေအိမ်အကျယ်ချုပ် ချခဲ့သည်။ ချားလ်စ်ဘုရင်ကို ရုံးတင်စစ်ဆေးဖို့ ဆန့်ကျင်သည့် ပါလီမန်အမတ်များကိုလည်း ၁၆၄၈ တွင် ထုတ်ပယ်လိုက်သည်။ ထိုမှစ၍ လွှတ်တော်ကိုလည်း Rump ပါလီမန်ဟု လူသိများလာခဲ့သည်။ အိုလီမာခရွမ်းဝဲလ်၏ စစ်တပ်အားပေး ထောက်ခံမှုနှင့်အတူ Rump လွှတ်တော်သည် သူ့ကိုယ်သူ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့သည်။ အထက်လွှတ်တော် (သို့မဟုတ်) ဘုရင်၏ထောက်ခံမှုကို မရယူတော့ဘဲ ဥပဒေပြုပိုင်ခွင့်အာဏာကို ကျင့်သုံးလာခဲ့သည်။

Rump လွှတ်တော်၏ ပထမဆုံး လုပ်ဆောင်ချက်မှာ ၁၆၄၉ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကြေညာချက်တခု ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ၎င်းကြေညာချက်အရ တရားလွှတ်တော်ချုပ် တည်ထောင်ကာ ပါလီမန်အပေါ် စစ်ဆင်နွှဲမှု၊ ပြည်သူပြည်သားများအပေါ် ဆန့်ကျင်မှု စသည့် ပြစ်မှုများဖြင့် ချားလ်စ်ဘုရင်ကို ရုံးတင်စစ်ဆေးသွားမည် ဖြစ်သည်။ ဘုရင်တပါးကို ခုံရုံးတင် စစ်ဆေးခြင်းမှာ ယခင်က အင်္ဂလန်ပြည်တွင် တခါမှ ပေါ်ပေါက်ခဲ့ခြင်း မရှိခဲ့ဘူးပေ။ ဘုရင်ကို စွဲချက်တင်သော ဒတ်ချ်ရှေ့နေ အိုက်စက်ဒေါ်ရီစလော့စ်က ရှေးဟောင်း ရောမဥပဒေတခုကို ကိုးကားခဲ့သည်။ ယင်းဥပဒေအရ စစ်တပ် (သို့မဟုတ်) အစိုးရသည် မင်းဆိုးမင်းညစ်ကို ဖယ်ရှားပိုင်ခွင့်ရှိသည် ဟူသတတ်။

ရုံးတင်စစ်ဆေးမှုကို ၁၆၄၉ ဇန်နဝါရီလ ၂၀ ရက်တွင် စတင်ခဲ့သည်။ သို့သော် စစ်ဆေးစီရင်ဖို့ အမည်စာရင်း တင်သွင်းထားသည့် တရားသူကြီး ၁၃၉ ဦးအနက် ၆၈ ယောက်သာ ရုံးထိုင်ခဲ့သည်။ ချားလ်စ်ဘုရင်ကလည်း တရားရုံး၏ တရားဝင်မှာကို ထပ်တလဲလဲ ငြင်းဆိုခဲ့သည်။ ဆန့်ကျင်ကွဲလွဲမှုကြောင့် ထုတ်ပယ်ခံလိုက်ရသော ပါလီမန်မှာ ပြည်သူကို ကိုယ်စားမပြုတော့ဟု ဘုရင်ကဆိုသည်။ ဇန်နဝါရီလ ၂၇ ရက်တွင်မူ သူ့အား မင်းဆိုးမင်းညစ်၊ တိုင်းပြည်သစ္စာဖောက်၊ လူသတ်သမား၊ အင်္ဂလန်ရဲ့ ရန်သူတော်အဖြစ် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ သေဒဏ်ချမှတ်ခဲ့သည်။ ဇန်နဝါရီလ ၃၀ ရက်တွင် လန်ဒန်မြို့ရှိ ဝှိုက်ဟော (အဖြူရောင်ခန်းမ) ၌ ၎င်းကို အများပြည်သူရှေ့ ကွပ်မျက်လိုက်သည်။

ဘုရင်စနစ်ဝဲဩဃ

ချားလ်စ်ဘုရင် ၁ ကွပ်မျက်ခံရပြီးနောက် အိုလီဗာခရွမ်းဝဲလ် အာဏာရလာသည်။ တိုင်းပြည်၏ ဦးသျှောင်၊ အစိုးရအကြီးအကဲအဖြစ် ၁၆၅၅ မှ ၁၆၅၈ အထိ ဆောင်ရွက်ခဲ့သည်။ သို့သော် အစိုးရသစ်မှာ မည်သည့်နိုင်ငံရေး တည်ငြိမ်မှုကိုမှ မလုပ်ဆောင်နိုင်ခဲ့ပေ။ ခရွမ်းဝဲလ်ကိုယ်တိုင် သူ၏ပါလီမန်နှင့် သဘောထားချင်း မတိုက်ဆိုင်တော့။ သူ့အား ထောက်ခံရန် စစ်တပ်ကိုသာ လုံးလုံးလျားလျား မှီခိုနေရတော့သည်။ ပြည်သူများ၏ မကျေနပ်ချက်တို့မှာလည်း တနေ့တခြား ကြီးထွားလာခဲ့ပေသည်။

၁၆၅၈ တွင် ခရွမ်းဝဲလ် သေဆုံးပြီးနောက် သူ့သား ရစ်ချတ်ဒ်က နန်းဆက်ခဲ့သည်။ သို့သော် မကြာမီမှာပင် နုတ်ထွက်လိုက်သည်။

၁၆၆၀ မှာ ချားလ်စ်ဘုရင် ၂ အာဏာပြန်ရခဲ့သည်။ ချားလ်စ်ဘုရင် ၁ ၏ သေဒဏ်ခွင့်ပြုမိန့်ကို လက်မှတ်ရေးထိုးပြီး ဘုရင်ကို လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်သူများကို သေဒဏ်ပေးခဲ့ပြန်သည်။

သပြေညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013