DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် လူငယ်များကို စစ်တပ်က ဖမ်းဆီးငွေညှစ်နေ
DVB
·
February 24, 2024
မော်လမြိုင်တွင် လူငယ်များကို စစ်တပ်က ဖမ်းဆီးငွေညှစ်နေ
Donate to DVB

စစ်မှုမထမ်းမနေရစနစ်ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှာ စစ်ကောင်စီ တပ်သားတွေက လူငယ်တွေကို ဖမ်းဆီး ငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်လမြိုင်မြို့မှာ ညမထွက်ရအမိန့်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်းလို့ ထုတ်ထားပေမယ့် စစ်မှုမထမ်းမနေရစနစ်ထုတ်ပြန်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်အထိ ည ၉ နာရီနဲ့ ၁၀ နာရီကြားအချိန်အတွင်း ဖမ်းခံရတဲ့ လူငယ်အမျိုးသား အယောက် ၅၀ ထက်မနည်း ရှိနေတယ်လို့ မော်လမြိုင်မြို့ခံတယောက်က ပြောပါတယ်။

“ဒီရက်ပိုင်း တောက်လျှောက်ကိုဖမ်းနေတာ။ ဖမ်းခံရတဲ့သူ အများစုကလည်း လမ်း‌မတွေပေါ်မှာ ဖမ်းခံရတာမဟုတ်ဘူး။ လမ်းကြားတွေမှာ အရက်ထိုင်သောက်တာတို့၊ ဂစ်တာတီးတာတို့လုပ်နေတဲ့ သူတွေကိုပဲ ရွေးဖမ်းတာ။ ဖမ်းခံရတဲ့သူတွေကို ပိုက်‌ဆံတောင်းတယ်။ မပေးနိုင်ရင် စစ်တပ်ထဲဝင်ဖို့ ပြောတယ်။ ကမ်းနားလမ်း၊ တက္ကသိုလ်နားနဲ့ မြို့ပြင်ရပ်ကွက်တွေမှာ ဖမ်းခံရတာပိုများတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၁၀ နာရီလောက်က ကမ်းနားလမ်းမှာ အရက်ထိုင်သောက်နေတဲ့ ကုမ္ပဏီဝန်ထမ်း လူငယ် ၈ ယောက်ကို စစ်ကောင်စီတပ်သားတွေကဖမ်းဆီးပြီး တယောက် ၈ သိန်းစီ တောင်းခဲ့ပေမယ့် ကုမ္ပဏီမန်နေဂျာက စစ်တပ်နဲ့လာရောက်ညှိနှိုင်းခဲ့ပြီးနောက် တယောက် ၂ သိန်းပေးပြီး ပြန်လွတ်မြောက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မော်လမြိုင်မြို့ထဲမှာ လူငယ်အမျိုးသားတွေကို ပစ်မှတ်ထားငွေညှစ်နေတာကြောင့် လူငယ်တွေအနေနဲ့ ညဘက်အပြင်‌ထွက်တာရှောင်သင့်တယ်လို့ မော်လမြိုင်မှာ အိုးဝေမောင်းနေသူတယောက်က ပြောပါတယ်။

“ညဘက်တွေက ဖြစ်နိုင်ရင် မထွက်တာ အကောင်းဆုံးပဲ။ အခုက ဆိုင်တဲ့သူလည်းဖမ်း၊ မဆိုင်တဲ့ သူလည်း ဖမ်းနေတာ။ သူတို့ဖမ်းတာက ပေါတာဆွဲသလို ဖမ်းတာမဟုတ်ဘဲ ပိုက်ဆံလိုချင်လို့ ဖမ်းတာ။ ဖမ်းခံရပြီး ပိုက်ဆံမရှိဘူးလို့ပြောရင် စစ်တပ်ထဲဝင်ရမယ်လို့ခြိမ်းခြောက်တော့ အိမ်ကသူ‌တွေက ရှိတာလေး ရောင်းပြီးပေးရတယ်။ ဟိုနေ့ကလည်း ဇေယျာသီရိမှာ မီးကင်းစောင့်တဲ့ ကလေး ၃ ယောက်ကိုဖမ်းပြီး တယောက် ၃ သိန်းတောင်းပြီး ပြန်လွှတ်လိုက်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရစနစ်ကြေညာခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်း နိုင်ငံအနှံ့မှာရှိတဲ့ လူငယ်အများအပြား ဖမ်းဆီးခံရတာတွေရှိခဲ့သလို လူပျောက်ဆုံးတာတွေလည်း အများအပြား ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013