DVB Logo
Home
မြန်မာသတင်း
သုံးပတ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၃၆ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ စစ်ကိုင်းမှ အများဆုံးဖြစ်
DVB
·
February 23, 2024
သုံးပတ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၃၆ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ စစ်ကိုင်းမှ အများဆုံးဖြစ်
Donate to DVB

အခုလ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၃ ရက်နေ့အထိ သီတင်း ၃ ပတ်ကျော်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ ၃၆ ယောက်ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၁၆ ယောက်နဲ့ အများဆုံး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက် ည ၁၂ နာရီလောက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာ စစ်ရှောင်တောတိုက်ကို အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတွေက ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေ ဖြစ်ကြတဲ့ ဒေါ်ဆင့်ကြိုင်၊ ဦးလင်း၊ ဒေါ်မြင့်သန်း၊ မစန်းလင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီး မချစ်စုအောင်နဲ့ သားဖြစ်သူ အသက် ၃ နှစ်အရွယ် မောင်ဇေသူအောင်တို့ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီ ၁၆ ရက် နောက်တရက်မှာတော့ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၄,၅၈၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၆,၁၈၀ ယောက်ထိ ရှိလာခဲ့ပြီလို့ အေအေပီပီက ပြောပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၇၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၈၀၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၁ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၆,၀၀၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013