DVB Logo
Home
မြန်မာသတင်း
စစ်မှုမထမ်းလိုသည့် မွန်လူငယ်များ၏လုံခြုံရေးကို မွန်ပြည်ဖက်ဒရယ်ကောင်စီက တာဝန်ယူမည်
DVB
·
February 23, 2024
စစ်မှုမထမ်းလိုသည့် မွန်လူငယ်များ၏လုံခြုံရေးကို မွန်ပြည်ဖက်ဒရယ်ကောင်စီက တာဝန်ယူမည်
Donate to DVB

စစ်ကောင်စီရဲ့  စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာတဲ့ မွန်ပြည်နယ်အတွင်းရှိ လူငယ်တွေကို လုံခြုံရေးတာဝန်ယူပေးသွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ကြေညာ လိုက်ပါတယ်။ 

အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီက အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့  ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းမှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီက သဘောထားထုတ်ပြန်ကြေညာလိုက်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းမှုဟာ စစ်ကောင်စီတပ်ရဲ့ စစ်သည်အင်အား ဖြည့်ဆည်းဖို့၊ သူတို့အာဏာနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးချဖို့ စီမံသာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုတဲ့ လူပုဂ္ဂိုလ်တွေ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။

စစ်မှုမထမ်းချင်လို့ တိမ်းရှောင်လာတဲ့  မွန်ပြည်နယ်မှ လူငယ်တွေ မွန်လူငယ်တွေအနေနဲ့ တော်လှန်ရေးတပ်တွေမှာ ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်သလို  လုံခြုံရေးအနေနဲ့ တတ်စွမ်းသမျှ တာဝန်ယူပေးသွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်တာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြောခွင့်ရသူ နိုင်ဒင်းပလဟံသာကတော့ တိမ်းရှောင်လာတဲ့ လူငယ်တွေကို နေရာထိုင်ခင်း၊ အစားအသောက်ကအစ တာဝန်ယူပေးသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်နိုင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ဝန်ကြီး  ၃ ဦး၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာ ကိုယ်စားလှယ် ၃ ဦး စေလွှတ်ထားတဲ့ မွန်တော်လှန်ရေးအင်အားစု အဖွဲ့အစည်း ဖြစ်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ လက်အောက်မှာတော့ မွန်ပြည်တော်လှန်ရေးတပ် MSRF ရှိနေပြီး လက်ရှိမှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာပါ။

မွန်လူငယ်တစ်ဦးကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်လူငယ်တွေဟာ တရားမဝင် လမ်းကြောင်းတွေကနေ တဆင့် ထိုင်းနိုင်ငံထဲ တိမ်းရှောင်တာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြည်သူတွေအနေနဲ့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဆန့်ကျင်ဖို့နဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားအင်အားစုတွေ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ ကာကွယ်ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်သွားကြဖို့ တိုက်တွန်းတာပါ။

ဒါ့အပြင် မွန်လူထုတွေအနေနဲ့ တော်လှန်ရေးမှာ အရှိန်မြှင့်ပါဝင်ပေးကြဖို့နဲ့ အရွယ်ရောက်ပြီးသာ ပြည်သူတွေ အနေနဲ့ စစ်ကောင်စီကို တော်လှန်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ နှိုးဆော်ထားပါတယ်။

တိမ်းရှောင်လာတဲ့ လူငယ်လူရွယ်တွေအနေနဲ့ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီရဲ့ တယ်လီဂရမ်၊ signal အပြင် viber တွေကတဆင့် ဆက်သွယ်နိုင်ပြီး လာရမယ့်ခရီးစဉ်နဲ့လမ်းကြောင်းတွေကို အကြောင်းပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီကတော့ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ် မှန်သမျှ အပြီးတိုင်ဖယ်ရှားရေး၊ လက်တွဲညီညီ စစ်အုပ်စုကို အမြစ်ဖြတ် ချေမှုန်းနိုင်မှသာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုနဲ့ လွတ်လပ်မှု ရရှိနိုင်မယ်လို့ အသိပေးထားပါတယ်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ကလည်း ပြည်တွင်းပြည်ပမှာရှိတဲ့ မွန်လူငယ်တွေအနေနဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် လာရောက်စစ်မှုထမ်းဆောင်ကြဖို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ တိုက်တွန်းနှိုးဆော်ထားပါတယ်။

မြန်မာပြည်မှာ စစ်မှုမထမ်းချင်တာကြောင့် ထွက်ပြေး လာကြသူတွေကို ထိုင်းအစိုးရက ခိုလှုံခွင့်နဲ့ အလုပ်လုပ်ခွင့်တွေပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နိုင်ငံခြားရေးတာဝန်ခံ   ပဒိုစောတောနီက တောင်းဆိုလိုက်ပါတယ်။ 

သီဟ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013