DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်ခရိုင်၌ တရားမဝင်အလုပ်သမားများပါသည့်ကား တိမ်းမှောက်ပြီး ၂ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ 
DVB
·
February 23, 2024
ချင်းမိုင်ခရိုင်၌ တရားမဝင်အလုပ်သမားများပါသည့်ကား တိမ်းမှောက်ပြီး ၂ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ 
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဟော့တ်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၂၁ ရက်က တရားမဝင်အလုပ်သမားတွေ တင်လာတဲ့ကား တစီး စစ်ဆေးရေးဂိတ်ကိုတိမ်းရှောင်ရင်း တိမ်း မှောက်သွားတဲ့အတွက် နှစ်ယောက် သေဆုံးပြီး  ခြောက်ယောက် ဒဏ်ရာရသွားတယ်လို့   ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဲဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ အဖြူရောင်တိုယိုတာဟိုင်းလပ်ကား တစီးဟာ ဟော့တ်မြို့နယ် ဘော်လုံစစ်ဆေးရေးဂိတ်မှာ အစစ်မခံဘဲ အရှိန်မြှင့်မောင်းထွက်သွားလို့ ရဲတပ်ဖွဲ့ဝင်တွေက အနောက်ကနေ ကားနဲ့ ထက်ချပ်မကွာ လိုက်သွားခဲ့တယ်လို့  ဘော်လုံနယ်မြေရဲစခန်း တာဝန်ကျရဲအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါကားဟာ ဘော်ကယောက်ရဲကင်းနား‌ရောက်တော့လည်း  အစစ်မခံဘဲ ဆက်မောင်းသွားလို့ ရဲကားက ဟွန်းမပြတ်တီးပြီး လိုက်သွားခဲ့တယ်၊ အဲဒီကားဟာ ဘန့်ကောင်လွဲ တံတားကို ဖြတ်အပြီးတနေရာ၊ နောက်ကလိုက်လာတဲ့ ရဲကားက ၅ မီတာ အကွာမှာ ကားပျက်ပြီး လမ်းဘေးကဈေးဆိုင်တဆိုင်ကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီဈေးဆိုင်ရော တိုက်တဲ့ကားပါ ရစရာမရှိအောင်ပျက်စီးသွားပြီး  ဈေးဆိုင်ကတော့ ဖရဲသီးရောင်းပြီးအဲဒီနေ့က ဆိုင်ပိတ်ထားလို့ လူထိခိုက်တာမရှိဘူး။ ဒါပေမဲ့ ကားထဲပါလာသူ ၈ ယောက်လုံး ဒဏ်ရာရသွားပြီး  ၈ ယောက်ထဲမှာ ၂ ယောက်က မကြာခင်သေဆုံးသွားပါတယ်။ 

သေဆုံးဒဏ်ရာရသူတွေမှာ သက်သေစာရွက်စာတမ်းအထောက်အထားတစုံတရာ မတွေ့ တဲ့အတွက်  တရားမဝင် မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ကားလို့  ရဲတပ်ဖွဲ့က ခန့်မှန်း ပြောဆိုပါတယ်။

အဲဒီကားဟာ မယ်ဟောင်ဆောင်ခရိုင် မဲ့စရီးယန်းဘက်ကို ဦးတည်နေတာလို့ သတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် မနက် ၅ နာရီလောက်ကလည်း ထိုင်းမြောက်ပိုင်း ဖယောင်းခရိုင် မဲ့ကျိုင်မြို့နယ်ထဲမှာ  နိုင်ငံခြားသားတွေ စီးလားတဲ့ ဟိုင်းလပ်ကား တစီး လမ်းဘေးက သစ်ပင်နဲ့တိုက်မိလို့ နှစ်ယောက် သေဆုံး တယောက်ဒဏ်ရာရသွားတယ်လို့ ဖယောင်းကယ်ဆယ်ရေးအဖွဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

သေဆုံးသူ ၂ ဦးမှာ အသက် ၄၀ နှစ်ရွယ် အမျိုးသမီးနဲ့ ၃၈ နှစ်ရွယ် အမျိုးသားတို့ဖြစ်ပြီး ဒဏ်ရာရသူမှာ ၂၂ နှစ်ရွယ် အမျိုးသားတယောက် ဖြစ်ကြောင်း၊ ကားပေါ်ပါလာတဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တယောက်ပဲ ဘာဒဏ်ရာမှမရဘဲ ဘေးကင်းခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ နှစ်ယောက်ဟာ ဘန်ကောက်မှာအလုပ်လုပ်နေတဲ့  ပအိုဝ်းတိုင်းရင်းသားတွေဖြစ်ပြီး မြန်မာပြည်က သားကိုပြန်သွားခေါ်ရင်း လမ်းမှာအခုလို အဖြစ်ဆိုးနဲ့ကြုံရတာလို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013