DVB Logo
Home
မြန်မာသတင်း
မယ်ဆိုင်တွင် ထိုင်းစစ်တပ်နှင့် မူးယစ်အဖွဲ့ ပစ်ခတ်၊ စိတ်ကြွဆေး ၁,၄၀၀,၀၀၀ နှင့် အိုက်စ် ၂၅ ကီလို သိမ်းဆည်းမိ 
DVB
·
February 23, 2024
မယ်ဆိုင်တွင် ထိုင်းစစ်တပ်နှင့် မူးယစ်အဖွဲ့ ပစ်ခတ်၊ စိတ်ကြွဆေး ၁,၄၀၀,၀၀၀ နှင့် အိုက်စ် ၂၅ ကီလို သိမ်းဆည်းမိ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၂၁ ရက် ညက ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ အဖွဲ့တွေကြား ပစ်ခတ်မှုဖြစ်ပြီး ထိုင်းစစ်တပ်ဘက်က စိတ်ကြွဆေးပြား ၁,၄၀၀,၀၀၀ နဲ့ အိုက်စ်မူးယစ်ဆေး ၂၅ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့တယ်လို့ Maesaipress သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းခြေလျင်တပ်ရင်း အမှတ် ၄၊ ဖန်မင်စစ်ကြောင်း၊ ထပ်ကျောက်တာခ်စစ်ကြောင်းက ပူးပေါင်းအဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၂၁ ရက်ညက နယ်စပ်တလျှောက် လုံခြုံရေး ကင်းလှည့်နေစဉ် ည ၁၀ နာရီဝန်းကျင်မှာ မယ်ဆိုင်မြို့နယ် ကော်ချန့်အုပ်စု ဘန့်ပါဒဲန်းကျေးရွာအနီး တောထဲဝင်ရောက်လာတဲ့ လူတခု ခန့်မှန်းခြေ ၁၅ - ၂၀ ဦးခန့်ကို လှမ်းမြင်ရကြောင်း၊ ဒါကြောင့် စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ရာမှာ တဖက်က မရပ်ဘဲ သေနတ်နဲ့ စတင်ပစ်ခတ်လို့ နှစ်ဖက်ကြား ၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့တယ်လို့   စစ်ကြောင်းမှူးက သတင်းထောက်ကို ပြောပါတယ်။

ပစ်ခတ်သံတွေ ငြိမ်သွားတော့ ထိုင်းစစ်တပ်က အဆိုပါနယ်မြေတဝိုက် ထိန်းချုပ်ထားပြီး ဖေဖော်ဝါရီ ၂၂ ရက် မနက် ၆ နာရီခွဲလောက်မှာ အုပ်ချုပ်ရေးမှူး၊ မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးရာ သေဆုံးဒဏ်ရာရသူတွေတော့ မတွေ့ဘဲ ပလတ်စတစ်အိတ် အမည်းရောင်ထဲ ထည့်ထားတဲ့ ကျောပိုးအိတ် ၈ လုံး ပြန့်ကြဲနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အိတ် ၇ လုံးထဲမှာ ၉၉၉ အမှတ်တံဆိပ် စိတ်ကြွ‌ဆေးပြား ၂ သိန်းစီ ပါတာကြောင့် စုစုပေါင်း စိတ်ကြွဆေးပြား ၁,၄၀၀,၀၀၀ သိမ်းဆည်းရမိခဲ့ပါတယ်။

နောက် ကျန်တဲ့အိတ် ၁ လုံးထဲမှာတော့ တထုပ်ကို အိုက်စ်မူးယစ်ဆေး အလေးချိန် ၁ ကီလိုဂရမ်ပါ အထုပ်ပေါင်း ၂၅ ထုပ် ပါရှိတာကြောင့် စုစုပေါင်း အိုက်စ် ၂၅ ကီလိုဂရမ် ဖမ်းမိတယ်လို့ ဆိုပါတယ်။

အဆိုပါနေရာဟာ မြန်မာနိုင်ငံ တာချီလိတ်ခရိုင် မိုင်းဖုန်းကျေးရွာအုပ်စုနဲ့ မျက်နှာချင်းဆိုင်ဖြစ်ပြီး နယ်စပ်မျဉ်းနဲ့ မီတာ ၂၀၀ သာ ကွာဝေးတယ်လို့ ဆိုပါတယ်။

အဲဒီနေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ် မလိကာကျေးရွာမှာ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြား ၃၀၀,၀၀၀ နဲ့ အရောင်တံဆိပ် အမျိုးအစား တူညီတယ်၊ အဲဒီမူးယစ်ဆေးတွေကတော့ မယ့်အိုင်းတဖက်ကမ်း ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင် ဝ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲကနေ ဝင်လာတာလို့ သတင်းမှာ ရေးသားဖော်ပြပါတယ်။

photo-Maesaipress

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013