
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကြား ဖြတ်သန်းစီးဆင်းနေတဲ့ မယ်ဆိုင်မြစ်ရေထဲမှာ ဓာတုအဆိပ်သင့် ပစ္စည်းတွေဟာ သတ်မှတ်ထားတဲ့စံချိန်ထက် ၂၈ ဆ ပိုမိုပါဝင်နေတာကြောင့် ပြည်သူတွေအနေနဲ့ သောက်သုံးခြင်းမပြုဖို့ သက်ဆိုင်ရာက ထုတ်ပြန်ထားကြောင်း အောက်တိုဘာ ၁ ရက်ထုတ် ထိုင်းသ တင်းတွေမှာ ဖော်ပြပါတယ်။
မယ်ဆိုင်မြစ်ရေထဲက ဓာတုအဆိပ်သင့်ပစ္စည်းပမာဏ မြင့်မားစွာပါဝင်နေမှု စောင့်ကြည့်စစ်ဆေးမှု မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး ချင်းရိုင်းခရိုင်ဝန် နိုင်းချူးချိပ် ဖုန်းချိုင်းက စက်တင်ဘာ ၂၅ ရက် နေ့စွဲနဲ့ ခုလိုသတိပေးချက် ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။
သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေး ဦးစီးဌာနက မယ်ဆိုင်မြစ်ရဲ့ ရေထုအရည်အသွေးကို စစ်ဆေးဆန်းစစ်တာမှာ အာဆင်းနစ် စိမ့်ဝင်မှုပမာဏက သတ်မှတ်စံချိန်ထက် ၂၈ ဆ ပိုမိုနေပြီး ခဲဓာတ် စိမ့်ဝင်မှုပမာဏက သတ်မှတ်စံချိန်ထက် ၅ ဆ ပိုမိုနေတာ တွေ့ရှိပါတယ်။ ဒါကြောင့် ဒေသတွင်းနေ ပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်မှုကို ကာကွယ်ရေး လျှော့ချရေးအတွက် စီမံဆောင်ရွက်ဖို့ လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အထူးသဖြင့် မယ်ဆိုင်မြစ်အနီးတဝိုက်ရှိ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် မယ်ဆိုင်၊ ပုန်ဖာ၊ ကော်ချန့်၊ ဝိန်းဖန်ခမ်းနဲ့ ဆရီမိုင်းခွန်အုပ်စုရှိ အစိုးရဌာနဆိုင်ရာအသီးသီး၊ စက်ရုံအလုပ်ရုံနဲ့ လုပ်သားပြည်သူ တွေအနေနဲ့ အောက်ပါအချက် ၅ ချက်ကို လိုက်နာဖို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါအချက်တွေမှာ မယ်ဆိုင်မြစ်ထဲကရေကို တိုက်ရိုက်အသုံးပြုတာ၊ သောက်ရေအဖြစ် ထုတ်လုပ်တာ၊ အစားအစာချက်ပြုတ်တာ၊ ရေခဲရိုက်တာ၊ အိုးခွက်ပန်းကန်ဆေးကြောတာ၊ ခန္ဓာ ကိုယ်ထဲ အဆိပ်အတောက်ဝင်ရောက်စေနိုင်အောင် အသုံးပြုမှု ရှောင်ကြည်ဖို့။
ရေပေးဝေရေးဌာနအနေနဲ့ ရေအရည်အသွေးမြှင့်တင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပိုမို တင်းကျပ်စွာ ဆောင်ရွက်ဖို့၊ ပြည်သူ့ထံ ရေမဖြန့်ဝေမီ ပြုပြင်ပြီးသော ရေရဲ့အရည်အသွေးကို သေချာ စစ်ဆေးဖို့။
မယ်ဆိုင်မြစ်ရေ နဲ့ ကမ်းစပ်တဝိုက်ရှိ ငါး၊ ပုစွန်၊ ခရု စတဲ့ ရေထွက်သတ္တဝါတွေ ဖမ်းဆီးစားသုံးတာ ရှောင်ကြဉ်ဖို့။
အများပြည်သူထံဝေငှမဲ့ ရေပိုက်လိုင်းတွင်း ဓာတုအဆိပ်သင့်ပါဝင်မှု စံချိန်ထက်ပိုမိုပါက ကျန်းမာရေးဦးစီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့။
ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးနဲ့တကွ ဌာနဆိုင်ရာတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူ့ကျန်းမာရေးအတွက် အဆိပ်သင့်ဓာတု စိမ့်ဝင်ပျံ့နှံ့မှုအခြေအနေတွေကို ဆက်လက် စောင့်ကြပ် စစ်ဆေးသွားမယ်၊ အခြေအနေပေါ်မူတည်ပြီး သင့်လျော်တဲ့ စီမံချက်တွေ ဆက်လက် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
မြစ်ရေရဲ့ အရည်အသွေး ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်တဲ့အဆင့်ထိ ရောက်ရှိကြောင်း စစ်ဆေး အတည်ပြုချက်မရခင်အထိ ပြည်သူ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်တဲ့ ယာယီ စီမံကန့်သတ်ချက်ဖြစ်တာကြောင့် အားလုံးလိုက်နာဆောင်ရွက်ဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်း ထားပါတယ်။
ချင်းရိုင်ခရိုင် သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံး ညွှန်ကြားရေးမှူး နိုင်းအုန်းအာတ် ခနုတမဝုန်းကတော့ မြန်မာနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခဲ့ရာက မယ်ဆိုင်မြစ် ထဲမှာ စံချိန်ထက် အလွန်ပိုမိုတဲ့ ညစ်ညမ်းမှုတွေ ဖြစ်ပေါ်လာတာ စစ်ဆေးတွေ့ရှိလို့ ခရိုင်ဝန်ကနေ အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့တာလို့ စက်တင်ဘာ ၃၀ ရက်က ကျင်းပတဲ့ ချင်းရိုင်ခရိုင်ရှိ မြစ် ၄ သွယ်ရဲ့ အရည်အသွေးစောင့်ကြည့်စစ်ဆေးရေးကော်မတီအစည်းအဝေးမှာ ပြောပါတယ်။
Source: Transborder News / Matichon News










