
၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့လေထုထဲက ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏဟာ အရင်က မကြုံဘူးလောက်အောင် မြင့်တက်လာခဲ့တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါဟာ ကမ္ဘာမြေကို ပိုပူနွေးလာစေနိုင်ပြီး ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေကို ပိုဖြစ်လာစေနိုင် တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
၂၀၂၅ ခုနှစ်မှာ ကမ္ဘာတဝန်း လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ပမာဏဟာ ၄၂၆ ဒသမ ၈ ppm အထိ ရောက်လာခဲ့ပါတယ်။
ဒီပမာဏဟာ စက်မှုခေတ်မတိုင်မီ ၁၇၅၀ ခုနှစ်က ရှိခဲ့တဲ့ ပမာဏရဲ့ ၁၅၃ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။
အရင်နှစ်နဲ့နှိုင်းယှဉ်ရင် ၂ ဒသမ ၈ ppm မြင့်တက်လာတာဖြစ်ပြီး နှစ်စဉ်တိုးတက်မှုနှုန်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပျမ်းမျှတိုးတက်မှုနှုန်းထက် ပိုများပါတယ်။
တခြားအရေးပါတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေဖြစ်တဲ့ မီသိန်းနဲ့ နိုက်ထရပ်အောက်ဆိုဒ် ပမာဏဟာ လည်း ၂၀၂၅ ခုနှစ်မှာ စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။
ဒီဓာတ်ငွေ့တွေဟာလည်း စက်မှုခေတ်မတိုင်မီက ပမာဏနဲ့ နှိုင်းယှဉ်ရင် ၂၆၇ ရာခိုင်နှုန်းနဲ့ ၁၂၆ ရာခိုင်နှုန်းအထိ အသီးသီး ရှိလာခဲ့ပါတယ်။
ဒီအစီရင်ခံစာဟာ နှစ်စဉ် ထုတ်လွှတ်လိုက်တဲ့ ဓာတ်ငွေ့ပမာဏအသစ်တွေကို တိုင်းတာမဟုတ်ဘဲ လေထုထဲမှာ စုပုံနေတဲ့ ဓာတ်ငွေ့ပမာဏကို တိုင်းတာဖော်ပြတာ ဖြစ်ပါတယ်။
WMO က ဒီတွေ့ရှိချက်တွေကို တူရကီနိုင်ငံ အန်တာလျာမြို့မှာ နိုဝင်ဘာလ ကျင်းပမဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံ (COP31) မှာ ညှိနှိုင်းဆွေးနွေးသူတွေဆီကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အခုနှစ်မှာ အားကောင်းတဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်လာနိုင်လို့ ဓာတ်ငွေ့ပမာဏ တွေ ပိုမြင့်တက်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
“လေထုထဲမှာ ဓာတ်ငွေ့ပမာဏ တယူနစ် တိုးလာတိုင်း အပူဓာတ်ကို ပိုဖမ်းယူထားနိုင်တာကြောင့် အရေးကြီးပါတယ်။ အနှစ်ချုပ်ပြောရရင် ကျနော်တို့ဟာ သမုဒ္ဒရာနဲ့ လေထုထဲကို အပူစွမ်းအင်တွေ အလွန်အကျွံ ဖြည့်သွင်းပေးနေသလို ဖြစ်နေတယ်” လို့ WMO ဒုတိယ အတွင်းရေးမှူးချုပ် ကိုဘာရက်က ပြောပါတယ်။
“ဒါက အပူလှိုင်း ဖြတ်သန်းမှုတွေ၊ အပူပိုင်းမုန်တိုင်းတွေနဲ့ မိုးသည်းတာတွေဟာ ကျနော်တို့ အရင်မှတ်တမ်းတွေအရ ခန့်မှန်းထားတာထက် ပိုမြန်မြန်ဆန်ဆန် ပြင်းထန်လာနေတယ်လို့ ဆိုလိုတာ” လို့လည်း သူက ပြောပါတယ်။
အခုနှစ်မှာ ဥရောပ အပါအဝင် ကမ္ဘာ့နေရာတချို့မှာ နွေရာသီ အလွန်အမင်း ပူပြင်းမှုတွေ ကြုံတွေ့ ခဲ့ရသလို အာရှနဲ့ တခြားဒေသတွေမှာလည်း ဆိုးရွားပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။
Source: Reuters











