DVB Logo
Home
နိုင်ငံတကာ
မြန်မာနိုင်ငံမှ ယူရေနီယံ အီရန်ထံ ရောင်းချရန် ကြံစည်မှုဖြင့် ဂျပန်ယာကူဇာ ၁ ဦး စွဲချက်တင်ခံရ
DVB
·
February 22, 2024
မြန်မာနိုင်ငံမှ ယူရေနီယံ အီရန်ထံ ရောင်းချရန် ကြံစည်မှုဖြင့် ဂျပန်ယာကူဇာ ၁ ဦး စွဲချက်တင်ခံရ
Donate to DVB

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တဦးဆီကနေ လက်နက်ထုတ်ရာမှာ သုံးတဲ့ နျူးကလီးယား ကုန်ကြမ်းပစ္စည်းတွေ ဝယ်ပြီး အီရန်နိုင်ငံကို ရောင်းစားဖို့ ကြံစည်မှုနဲ့ ဂျပန် ယာကူဇာဂိုဏ်းခေါင်းဆောင်တဦးကို အမေရိကန်က စွဲချက်တင်လိုက်တယ်လို့ CNN နဲ့ ရိုက်တာသတင်းတွေမှာ ဖော်ပြပါတယ်။

ယာကူဇာဂိုဏ်းခေါင်းဆောင် တာကဲရှိ အက်ဘီဆာဝါကို မူးယစ်မှုနဲ့ လက်နက်မှောင်ခိုကူးဖို့ လျှို့ဝှက်ကြံစည်မှုတွေနဲ့ ၂၀၂၂ ခုနှစ်မှာ ဖမ်းဆီးစွဲချက်တင်ခဲ့ပြီး အခုအခါမှာ အီရန်ဗိုလ်ချုပ်တဦးလို့ သူယုံကြည်ခဲ့တဲ့သူကို နျူကလီးယားကုန်ကြမ်းတွေ ရောင်းဖို့ ကြိုးစားခဲ့မှုနဲ့ပါ ထပ်ပြီး စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ အက်ဘီဆာဝါဟာ  ဖောက်သည်အယောင်ဆောင် အသွင်ယူထားတဲ့ အမေရိကန် မူးယစ်ဆေးဝါးနှိမ်နင်းရေး ကွပ်ကဲမှုအဖွဲ့ (DEA) က မွေးထားတဲ့ လျှို့ဝှက်သတင်းရင်းမြစ်တဦးနဲ့ DEA အေးဂျင့်တဦးတို့ကို နျူးကလီးယားကုန်ကြမ်းတွေ သူ ရောင်းချင်တဲ့အကြောင်း၊ ယူရေနီယမ် ဝယ်လက် ရှာပေးဖို့ပါ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

အက်ဘီဆာဝါက ရေဒီယိုသတ္တိကြွကြောင်း Geiger counter စက်နဲ့ တိုင်းပြထားတဲ့ ကျောက်ဆိုင် ကျောက်ခဲပုံတွေနဲ့ သိုရီယမ်နဲ့ ယူရေနီယမ် ရေဒီယိုသတ္တိကြွဒြပ်စင်တွေ ပါဝင်ကြောင်း သက်သေခံတဲ့ ဓာတ်ခွဲခန်း စာရွက်စာတမ်းတွေကို ပြသခဲ့တယ်လို့ ဆိုပါတယ်။

အသွင်ယူထားတဲ့ အေးဂျင့်က အက်ဘီဆာဝါရဲ့ ပစ္စည်းတွေကို ရောင်းဖို့ အီရန်ဗိုလ်ချုပ်တဦးနဲ့ ပေးတွေ့မယ်လို့ သဘောတူခဲ့ပါတယ်။

တကယ်တမ်းမှာတော့ အဲဒီ အီရန်ဗိုလ်ချုပ် ဆိုသူကလည်း DEA ရဲ့ နောက်ထပ် လျှို့ဝှက်သတင်းရင်းမြစ်တဦးကပဲ အယောင်ဆောင်ထားတာ ဖြစ်ပါတယ်။

အဲဒီပစ္စည်းတွေက နျူးကလီးယားလက်နက် ထုတ်တဲ့နေရာမှာ သုံးလို့ရတဲ့အဆင့် ရှိလားလို့ အေးဂျင့်က မေးတဲ့အခါမှာလည်း အိဘိဆာဝက “အဲဒီလိုတော့ ထင်တာပဲ၊ မျှော်လင့်တာပဲ” လို့ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာတော့ အက်ဘီဆာဝါက မြန်မာပြည်ထဲက အမည်မဖော်တဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တဦးဟာ ယူရေနီယမ် အပါအဝင် နျူးကလီးယား ကုန်ကြမ်းတွေကို သူ့ဆီကနေတဆင့် ရောင်းပေးနိုင်တယ်လို့ အဲဒီအေးဂျင့်ကို ပြောပြခဲ့ပါတယ်။

အဲဒါကြောင့် လက်နက်အမြောက်အမြားဝယ်ဖို့ အီရန်ဗိုလ်ချုပ်ဘက်က ထောက်ပံ့ပေးဖို့ပါ ပြောခဲ့တယ်လို့ ဆိုပါတယ်။

မှတ်တမ်းတင်ဖမ်းယူထားနိုင်တဲ့ ဗီဒီယိုကောလ် ခေါ်ဆိုမှုမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ရဲ့ ပွဲစားတွေက သူတို့ခေါင်းဆောင်ဆီမှာ နျူးကလီးယားကုန်ကြမ်း ကီလိုဂရမ် ထောင်ချီရှိကြောင်း၊ အဲဒီခေါင်းဆောင် ထိန်းထားနိုင်တဲ့ နယ်မြေမှာ နျူးကလီးယားကုန်ကြမ်း ငါးတန်လောက် ထုတ်လုပ်နိုင်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဗီဒီယိုကောလ် ခေါ်ဆိုမှုမှာ DEA လျှို့ဝှက်အေးဂျင့်က ယူရေနီယမ်နဲ့ အီရန်ဆီက လက်နက်နဲ့ လဲဖို့ တောင်းဆိုခဲ့တာကို ပွဲစားတွေကရော ခေါင်းဆောင်ကပါ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်မှာ ပွဲစားတွေက အေးဂျင့်ကိုပြခဲ့တဲ့ နျူးကလီးယားကုန်ကြမ်း နမူနာကို  ထိုင်းတပ်ဖွဲ့တွေက ရရှိခဲ့ပြီး အမေရိကန်အာဏာပိုင်တွေကို လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနမူနာကို ဓာတ်ခွဲကြည့်တဲ့အခါမှာ ယူရေနီယမ်၊ သိုရီယမ်နဲ့ ပလူတိုနီယမ်တွေ ပါဝင်ပြီး ပလူတိုနီယမ်ဟာ နျူးကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့အဆင့် ရှိတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီနမူနာပစ္စည်းမှာပါတဲ့ ပလူတိုနီယမ်ကို “လုံလောက်တဲ့ပမာဏသာ ထုတ်လုပ်နိုင်ရင် နျူးကလီးယားလက်နက်တခုမှာ သုံးဖို့အတွက် သင့်တော်တယ်” လို့ အမေရိကန် တရားရေးဌာနရဲ့ စွဲချက်မှာ ဖော်ပြထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013