DVB Logo
Home
မြန်မာသတင်း
လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန် ရခိုင်အရပ်ဘက်အဖွဲ့ ၇၀ တောင်းဆို
DVB
·
October 30, 2026
Photo: DSINFO
Photo: DSINFO
Donate to DVB

ရခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ စစ်အာဏာရှင်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို တားဆီးနိုင်ဖို့ လေယာဉ်မပျံသန်းရဇုန် (No-Fly Zone) သတ်မှတ်ပေးဖို့ ရခိုင်အရပ်ဘက်ပရဟိတအဖွဲ့ ၇၀ က နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေထံ အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ တိုက်ရိုက် ပို့ဆောင် ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

MDSI ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု ၁၃၇ ကြိမ် ရှိခဲ့ပြီး နောက်ဆုံး ၆ လအတွင်းမှာလည်း အကြိမ်ရေ ၃၀၀ ကျော် ရှိခဲ့တယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြောက်ဦး စစ်ရှောင်အမျိုးသမီးတယောက်က “အခုလို လေကြောင်းအန္တရာယ်ရန်က လွတ်မြောက်ဖို့ တောင်းဆိုတာကို သဘောတူတယ်၊ ဝမ်းလည်းသာတယ်။ မဟုတ်ရင် ကျ​မတို့က အသံဆို ဘာအသံမဆို ကြားရရင် ကြောက်နေရပြီ။ ပြည်သူမှာ နေစရာမရှိတော့ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကလည်း ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှာရှိတဲ့ အိန္ဒိယဈေးကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အယောက် ၅၀ သေဆုံးခဲ့ပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ် ဖြစ်ပွားပြီးနောက်မှာလည်း သံတွဲ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပလက်ဝနဲ့ စစ်တွေမြို့နယ် တွေ အပါအဝင် ရခိုင်ပြည်တဝန်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှု တွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

HDCO ရဲ့ အောက်တိုဘာ ၂၄ ရက်အထိ စာရင်းတွေအရ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၉၈ ယောက် သေဆုံးပြီး ၆၇၈ ယောက် ဒဏ်ရာရရှိခဲ့ကာ အဲဒီထဲမှာ ကလေးသူငယ် ၅၅ ယောက် သေဆုံးပြီး ၁၄၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ရေးတိုက်ခိုက်မှုတွေ၊ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုတွေနဲ့ အခြေခံ စားသောက်ကုန်၊ ဆေးဝါးပြတ်လပ်မှုတွေကြောင့် စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေဟာ အငတ်ဘေးအန္တရာယ် အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ရင်ဆိုင် နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အာဆီယံနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့ ရခိုင်ပြည်ကို လေယာဉ်မပျံသန်းရဇုန်အဖြစ် သတ်မှတ်ပေးဖို့၊ စစ်ဘေးရှောင်တွေဆီ အကူအညီတွေ တိုက်ရိုက် ပို့ဆောင်ပေးဖို့နဲ့ စစ်အာဏာရှင်ကို လေယာဉ်ဆီနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်း ထောက်ပံ့မှုတွေ ပိတ်ဆို့အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013