DVB Logo
Home
Lead Story
နောဒစ်နိုင်ငံများ၏ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှု
DVB
·
February 22, 2024
နောဒစ်နိုင်ငံများ၏ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှု
Donate to DVB

၁၉ ရာစု အကုန်မှစ၍ ဆွီဒင်၊ ဒိန်းမတ်နှင့် နော်ဝေ တို့သည် ဥပဒေပြုကိစ္စများကို အတူတကွ ပူးပေါင်းဆောင်ရွက်လာခဲ့ကြသည်။ နောက်ပိုင်းတွင် ဖင်လန်နှင့် အိုက်စလန်တို့ပါ ပါဝင်လာခဲ့သည်။ ထိုကဲ့သို့ ဥပဒေပြုရေး ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စမှာ စကင်ဒီနေးဗီးယန်း နိုင်ငံများ၏ ပူပေါင်းဆောင်ရွက်မှုအပိုင်းတွင် အအောင်မြင်ဆုံး အခန်းကဏ္ဍ တခုလည်း ဖြစ်သည်။ နှိုင်းယှဉ်ဥပဒေ၏ အကောင်းဆုံး အကျိုးကျေးဇူးများထဲက တခုလည်းဖြစ်သည်။

စကင်ဒီနေးဗီးယန်း ညီညွတ်မှု

သမိုင်းကြောင်းတလျှောက် စကင်ဒီနေးဗီးယန်းနိုင်ငံများအကြား အပြန်အလှန် ဆောင်ရွက်မှုများ ရှိခဲ့ကြသည်။ ၁၅၄၂ နှင့် ၁၈၁၄ ကြား ဒိန်းမတ်နှင့် နော်ဝေနိုင်ငံတို့ကြား သမဂ္ဂဖွဲ့ခဲ့ကြသည်။ ဘုရင် ခရစ်စတီယန် ၅ ၏ ကြိုးပမ်းမှုဖြင့် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ ထိုနှစ်နိုင်ငံကြားတွင် တူညီသော ပြဋ္ဌာန်းဥပဒေစနစ်ကို ပြဋ္ဌာန်းခဲ့ကြသည်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံသည်လည်း ၁၈၀၉ ခုနှစ် ရုရှားစစ်ပွဲ မတိုင်ခင်အထိ တနိုင်ငံတည်းအဖြစ် ပေါင်းစည်းခဲ့ကြပေသည်။ ထို့နောက်ပိုင်းကစလို့ စကင်ဒီနေးဗီးယန်းနိုင်ငံများကြား ဆွေမျိုးနီးစပ်မှု သဘောထား ပေါ်ပေါက်လာခဲ့သလို စုစည်းညီညွတ်မှုကို အားပေးရမည်ဟု လက်ခံယုံကြည်လာခဲ့ကြသည်။

ယင်းသို့သော သဘောထားများက ထိုနိုင်ငံများ၏ ဥပဒေများကို ပိုပြီး စုစည်းညီညွတ်စေရန် လမ်းစဖြစ်လာစေခဲ့ပေသည်။ ၎င်းမှာ လက်တွေ့ပိုင်းအရ အသုံးဝင်ရုံတင်မက၊ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ စည်းနှောင်မှုများလည်း ဖြစ်ကြပေသည်။ ၁၈၇၂ တွင် စကင်ဒီနေးဗီးယန်း နိုင်ငံများကြား သဘောတူညီမှုတခု ပြုလုပ်ခဲ့ကြသည်။ ထိုသဘောတူညီချက်အရ တနိုင်ငံချင်းစီမှ ကိုယ်စားလှယ်ရှေ့နေများ တွေ့ဆုံကြကာ ထိုနိုင်ငံအချင်းချင်းကြား တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုင်ရာ ဘုံသဘောထားများကို ရှာဖွေကြမည်ဖြစ်သည်။ ရှေ့နေအဖွဲ့များ၊ တရားသူကြီး၊ ဥပဒေပညာရှင် (သို့မဟုတ်) ဥပဒေကျောင်းအသီးသီးမှ ကိုယ်စားလှယ်များ သုံးနှစ်တကြိမ် တွေ့ဆုံကာ စကင်ဒီနေးဗီးယန်း နိုင်ငံများကြား ဥပဒေပြု‌ရေးကိစ္စရပ်များကို မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်ကို ဆွေးနွေးကြသည်။

၁၈၇၂ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်မှာ ပဋိညာဉ် ဥပဒေအကြောင်း ဖြစ်ကြသည်။ ငွေလွှဲစာချုပ်နှင့် ပတ်သက်ပြီး ဥပဒေများကို တခုတည်းဖြစ်အောင် ပြဋ္ဌာန်းကြရန်ဖြစ်သည်။ ထိုဥပဒေမှာ ၁၈၈၀ အ‌ရောက်တွင် အလုံးစုံ ပြီးမြောက်သွားခဲ့ပေသည်။

နောဒစ်နိုင်ငံများ၏ ပဋိညာဉ်ဥပဒေ

ပဋိညာဉ်ဥပဒေမှာ ဥပဒေပြုရေး ပူးပေါင်းဆောင်ရွက်ရာ၌ အကျိုးအများဆုံး နယ်ပယ်တခု ဖြစ်လာခဲ့သည်။ ၁၉၁၅ ခုနှစ်မှ စတင်ကာ နောဒစ်ပဋိညာဉ် ဥပဒေများ ပြဋ္ဌာန်းခဲ့ကြသည်။ ထိုဥပဒေများအရ စာချုပ်ချုပ်ဆိုခြင်း၊ စာချုပ်ပျက်ပြယ်ခြင်း ကိစ္စများ၌ နိုင်ငံအချင်းချင်းကြား မျှဝေထားသော ဘုံဥပဒေတခု ဖန်တီးနိုင်ခဲ့သည်။ သို့ဖြစ်ရာ ယခုအခါတွင် စကင်ဒီနေးဗီးယန်း ဒေသများအကြား ပဋိညာဉ်ဥပဒေဆိုင်ရာဒေသများ တပြေးညီ ထွက်ပေါ်လာခဲ့ပေသည်။ ဒါတောင် အယူအဆရေးရာများ ဆွေးနွေးငြင်းခုန်နိုင်စေရန် ဖွဲ့စည်းထားသော ကော်မတီစနစ်မှာ ရံဖန်ရံခါ အားနည်းချက်များ ရှိနေပေသေးသည်။

စုစည်းထားသော ဥပဒေများ ဖြစ်ပေါ်လာစေရန် အချိန်ယူခဲ့ကြရသည်။ ရံဖန်ရံခါ ဘုံသဘောတူညီမှု မရရှိခဲ့ပေ။ ဥပမာ- နိုင်ငံတိုင်းက သူတို့ထုံးတမ်းများကသာ အခြားနိုင်ငံများထက် သာလွန်သည်ဟု ယူဆကြသည့်အခါမျိုး ဖြစ်သည်။ မည်သို့ရှိစေ နောဒစ်နိုင်ငံများကြား ဥပဒေရေးရာ စုစည်းညီညွတ်မှုရှိစေရန် ကြိုးပမ်းမှုများမှာ များစွာအောင်မြင်သလို ကုန်သွယ်ရေးနှင့် အခြားကိစ္စရပ်များတွင်ပါ ကြီးကြီးမားမား ပေါင်းစည်းမှု ရှိနိုင်ခဲ့ပေသည်။ ယနေ့ခေတ်တွင် ပဋိညာဉ်၊ စီးပွားကူးသန်း၊ နိုင်ငံသားဖြစ်မှုနှင့် မိသားစုဥပဒေများ၌ တပြေးညီဥပဒေ ပြုနိုင်နေပြီ ဖြစ်သည်။

သပြေညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013