DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် နေထိုင်ခွင့်ရရန် မြန်မာရွှေ့ပြောင်းလုပ်သားများ ပွဲစားလိမ်လည်မှု ခံနေရ
DVB
·
February 22, 2024
ထိုင်းတွင် နေထိုင်ခွင့်ရရန် မြန်မာရွှေ့ပြောင်းလုပ်သားများ ပွဲစားလိမ်လည်မှု ခံနေရ
Donate to DVB

ထိုင်းအစိုးရက သက်တမ်းကုန်နေတဲ့ တရားဝင်အလုပ်သမားများ၊ တရားမဝင် ဝင်ရောက်လာသူတွေအတွက် တရားဝင်နေထိုင်ခွင့် အထောက်အထားရရှိဖို့ ၂၀၂၃ ခုနှစ် ဇူလိုင်လကစပြီး ပန်းရောင်ကတ်လုပ်ငန်းစဉ် ဖွင့်လှစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပန်းရောင်ကတ်လုပ်ငန်းစဉ်တွေကို ဝန်ဆောင်မှုပေးနေတဲ့ မြန်မာပွဲစားတွေဟာ ထိုင်းအစိုးရ သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ပြီး အလုပ်သမားတဦးကို ဘတ် ၁၀,၀၀၀ မှ ၁၄,၀၀၀ အထိ တောင်းယူပြီး ဆောင်ရွက်ပေးကာ အမည်စာရင်းတင်သွင်းတဲ့ စာရွက်တွေကို အတုပြုလုပ်ပေးတဲ့ ပွဲစားတွေကြောင့် နစ်နာမှုတွေရှိတယ်လို့ ထိုင်းနိုင်ငံရောက် အလုပ်သမားတွေဆီက သိရပါတယ်။

ထိုင်းရောက် မြန်မာအလုပ်သမားတဦးက “ကျနော့်ဆီမှာ Name List တခုတည်းရှိတယ်၊ Work Permit က မရှိသေးဘူး။ အလုပ်တွေကလည်း Work Permit ရှိမှ လက်ခံတာ၊ သွေးကတော့ စစ်ပြီးသွားပြီ။ အဲဒီတုန်းက ၇,၀၀၀ ပေးရတယ်၊ အရင်က ၆,၀၀၀ ပေးထားပြီးသား။ သွေးစစ်ပြီးရင် လက်ဗွေတခါတည်း တန်းနှိပ်ရမှာလို့ ပြောတယ်၊ မနှိပ်ခဲ့ရဘူး။ ကျနော်က ၉ လပိုင်းမှ လုပ်တာ၊ ကျနော့်နောက်မှလုပ်တဲ့ တင်တဲ့ ၁၂ လပိုင်းသမားတွေတောင် သွေးလည်း စစ်ပြီးပြီ၊ လက်ဗွေလည်း နှိပ်ပြီးပြီ၊ Work Permit ရပြီးသွားပြီ။ မသင်္ကာလို့ တခြားဘတ်ရိုက်ပေးတဲ့ ပွဲစားတွေကို ကျနော်တို့စာရွက်တွေ စစ်ခိုင်းကြည့်တော့ အတုတွေ ဖြစ်နေတယ်။ ကျနော်က လိုင်းပေါ်မှာ အလိမ်ခံရတဲ့ဖြစ်စဉ်ကို ရေးထားတော့ သူတို့အကြောင်းတွေ တင်ရမလားဆိုပြီး ခြိမ်းခြောက်မှုတွေ ခံရတယ်။ အခုကျ ဘတ်ရိုက်တာတွေကလည်း ပိတ်သွားပြီဆိုတော့ နောက်တခါမှပဲ ပြန်လျှောက်ရတော့မယ်။ ကျနော်တို့ဆိုရင် အိမ်တွေ မီးရှို့ခံထားရပြီး ဒုက္ခရောက်လို့ သူတို့ကိုယုံပြီး ထိုင်းကို တက်လာတာ၊ အယောက် ၃၀ လောက်ရှိတယ်။ အကုန်လုံး ဒုက္ခတွေရောက်နေကြပြီ” လို့ ပြောပါတယ်။

CDM လုပ်ပြီး ထိုင်းကို တရားမဝင် ဝင်လာခဲ့တဲ့ အမျိုးသမီးတဦးကလည်း ပြီးခဲ့တဲ့ ဇူလိုင်လက ပန်းရောင်ကတ်ပြုလုပ်ဖို့ ချိတ်ဆက်ခဲ့ရာ ပွဲစားက ဗီဇာသက်တမ်း ၂ နှစ် ရရှိမယ်ဆိုပြီး ဘတ် ၁၄,၀၀၀ ဝန်းကျင် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“ပန်းရောင်ကတ်လုပ်မယ်ဆိုတော့ ပွဲစားက ဘတ် ၁၄,၀၀၀ ပေးလို့ရှိရင် ဗီဇာ နှစ်နှစ်ရမယ်။ ပွဲစားနဲ့ ပန်းရောင်ကတ်လုပ်ဖို့ အဆင်ပြေသွားတယ်။ တကယ်စုံစမ်းတဲ့အခါ အနီးကပ်မှ လုပ်တဲ့ ဗွီအိုင်ပီကြေး ဖြစ်နေတာ၊ အမှန်ဆိုလို့ရှိရင် အစကတည်းက လုပ်ထားတဲ့အတွက် ဘတ် ၈,၀၀၀ လောက်ပဲ ကျရမှာ။ Work Permit ကို စာအုပ်အနီထဲ ပြောင်းတဲ့အခါမှာလည်း ၄,၀၀၀ တောင်းတယ်၊ သူများတွေထက် နှစ်ဆလောက် ပိုများသွားတာ။ ကိုယ်သိသလောက် ပွဲစားနဲ့ လုပ်ရတဲ့အချိန်မှာ စျေးတွေများပြီး အလိမ်ခံရတာတွေ အများကြီးဖြစ်ခဲ့တယ်။”

ပန်းရောင်ကတ်ဆိုတဲ့ ယာယီနေထိုင်ခွင့် လက်မှတ်ကနေ CI (မည်သူမည်ဝါဖြစ်ကြောင်း) သက်သေခံအထောက်အထားအထိ စုစုပေါင်း ဘတ် ၂၀,၀၀၀ ကုန်ကျမှုရှိပြီး ပတ်စ်ပို့ (PJ) စာအုပ်အသစ် ထပ်လုပ်ရင် စုစုပေါင်း ဘတ် ၂၇,၀၀၀ ဝန်းကျင်အထိ ကုန်ကျစရိတ်တွေ ရှိလာတယ်လို့ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) တာဝန်ရှိသူ ဦးမိုးကြိုးက “အစိုးရရဲ့ တရားဝင်သတ်မှတ်စျေးက ဘတ် ၆,၀၀၀ လောက်ပဲရှိတယ်။ ရွှေ့ပြောင်းလုပ်သား ဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် စာရွက်စာတမ်းလုပ်ခွင့် မရှိတော့ဘူး။ အလုပ်ရှင်အမည်ခံ၊ သူဌေးအမည်ခံနဲ့ လုပ်ရတဲ့အတွက် အကုန်အကျတွေ များတာပေါ့။ အလုပ်ရှာပွဲစား၊ စာရွက်စာတမ်းပွဲစား အမျိုးမျိုးရဲ့ လိမ်လည်လှည့်ဖျားမှုနဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုကိုတော့ ထိုင်းရောက် မြန်မာအများစုကတော့ ပုံစံမျိုးစုံနဲ့ ခံနေရတယ်။ မိမိငွေကြေး၊ မိမိစာရွက်စာတမ်း တခြားသော တစုံတရာ လိမ်လည်ခံရရင် ဒါ ရဲစခန်းအမှုပါ။ အရင်ဆုံး ကာယကံရှင် အလုပ်သမားတယောက်ကဖြစ်စေ၊ တစုကဖြစ်စေ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ တိုင်ချက်ဖွင့်ဖို့ လိုပါတယ်။ လိုအပ်တဲ့ ရှေ့နေထောက်ကူပေးတာတွေ၊ ပြောတတ်ဆိုတတ်အောင် အလုပ်သမားအဖွဲ့တွေက ကူညီပေးပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားတွေ ကိုင်ဆောင်ရတဲ့ စာရွက်စာတမ်းတွေဟာ ၇ လထက် ပိုမကိုင်ဆောင်ရဘဲ သက်တမ်းတိုးမှုတွေ မကြာခဏ ပြုလုပ်ရလေ့ရှိတာကြောင့် အလုပ်သမားတွေအနေနဲ့ လုပ်ခလစာတွေကို ကြိုတင်စုဆောင်းထားကြဖို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေက သတိပေး ပြောကြားထားပါတယ်။

ထိုင်းနိုင်ငံ မီဒီယာပေါင်းစုံ ဖွဲ့စည်ထားတဲ့ Media Intelligence group သုံးသပ်ချက်အရ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ၇ သန်းဝန်းကျင်ရှိပြီး ခရိုင်ဒေသ ၇၇ ခုမှာ နေထိုင် အလုပ်လုပ်ကိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013