
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် တနေရာမှာ ဖေဖော်ဝါရီ ၂၁ ရက်က “ပြိုင်တူရုန်းမလား၊ ကိုယ်လွတ်ရုန်းမလား” စာသားပါ ဘန်နာနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ အလံတော်ကို လွှင့်ထူ ချိတ်ဆွဲလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
ဒီလှုံ့ဆော်မှုကို Kyimyindaing Networks (KMD18) နဲ့ Mayangone Democratic Front (MDF) တို့က ပူးပေါင်းပြီး စစ်တပ်ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
Mayangone Democratic Front (MDF) အဖွဲ့ တာဝန်ရှိသူက “စစ်ကောင်စီက UG တွေ ပြည်သူတွေကို လုံးဝဖိနှိပ်ထားတဲ့အချိန်မှာ ပြည်သူတွေကို ခွန်အားဖြစ်ဖို့နဲ့ သတင်းစကား ပေးချင်တာကတော့ ကျနော်တို့တွေ တက်စုံဖွင့်၊ ရွက်ကုန်လွှင့်ရင်း မတရားတဲ့ အမိန့်အာဏာဟူသမျှကို ဖီဆန်ရင်း အတူတိုက်ပွဲဝင်ကြပါစို့လို့ ပြောကြားချင်တာ” လို့ ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးပူးပေါင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် အခြားတပါးကို ရှောင်ထွက်ပြီး ကိုယ်လွတ်ရုန်းသွားလည်း မလွတ်နိုင်တဲ့ အခြေအနေမှာ ပြည်သူအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်တော်ရဲ့ အလံတော်အောက်မှာ ခုခံတွန်းလှန် တိုက်ပွဲဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါကြောင်းနဲ့ တော်လှန်ရေးအင်အားစု အားလုံးကလည်း ပြည်သူနဲ့အတူရှိနေပြီး ရုန်းထွက်ကြဖို့ တိုက်တွန်းအားပေးပါတယ်။
“လာပါ ငါတို့အတူ ရုန်းမယ်"၊ “အရေးတော်ပုံ အောင်ကို အောင်ရမည်” လို့ ပါရှိပါတယ်။
Kyimyindaing Networks (KMD18) အဖွဲ့ တာဝန်ရှိသူတဉီးက “ကျနော်တို့ ပြည်သူနဲ့အတူ ရှိနေပါတယ်။ ပြည်သူကလည်း ကျနော်တို့နဲ့အတူ ရှိကြဖို့၊ အတူတိုက်ပွဲဝင်ကြစို့လို့ တိုက်တွန်း အားပေးလိုက်ပါတယ်။ ကြောက်ရင် ၂ ခါသေပါတယ်။ မသေဘဲ နောင်မျိုးဆက်တွေအထိပါ ရှင်သန်လွတ်မြောက်နိုင်အောင် ကျနော်တို့ အတူအားထုတ်ပြီး တိုက်ထုတ်မှဖြစ်မှာပါလို့ ပြည်သူတွေကို အသိပေးပြောကြားချင်ပါတယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ရန်ကုန်မြို့မှာ တော်လှန်ရေး ၃ နှစ်ပြည့် အသံတိတ်သပိတ်နဲ့ အဖြူရောင်ကမ်ပိန်း လှုပ်ရှားမှုကို Mayangone Democratic Front (M.D.F) အဖွဲ့၊ Kyimyindaing Network (KMD18) အဖွဲ့နဲ့အတူ ပြည်သူတွေက ပြုလုပ်ခဲ့ကြပါတယ်။











