DVB Logo
Home
မြန်မာသတင်း
တန့်ဆည်တွင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်၊ ကလေးမြို့အနီး တိုက်ပွဲ‌ပြင်းထန်
DVB
·
February 21, 2024
တန့်ဆည်တွင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်၊ ကလေးမြို့အနီး တိုက်ပွဲ‌ပြင်းထန်
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံကြီးကုန်းရွာနေ ပြည်သူတယောက်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၀ ရက် ည ၁၁ နာရီက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ တန့်ဆည်ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ရေဦးမြို့ကနေ စစ်ကြောင်းစထိုးလာပြီး ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၀ ရက် ညနေအထိ တန့်ဆည်မြို့နယ် ရွာသာယာမှာ ယာယီတပ်စွဲ‌‌နေကာ အခုလို သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “စစ်ကြောင်းနဲ့နီးတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေကတော့ အကုန်ရှောင်ကြတယ်။ တချို့အမျိုးသားတွေကတော့ အိမ်တွေ သူခိုးဝင်အခိုးခံရမှာ စိုးကြတော့ ရွာထဲ အိမ်စောင့် တဦးစ၊ နှစ်ဦးစ နေကြတယ်။ အခုဟာကလည်း ညပိုင်း စစ်ကြောင်းမထိုးလောက်ဘူးထင်လို့ ရွာထဲနေကြတာ‌။ သူတို့က ည ၁၀ နာရီထိုးလောက် ရွာထဲဝင်လာပြီး ကျနော်တို့ရွာက ဖိုးကို ၂၈ နှစ်ကို ဖမ်းခေါ်သွားတယ်။ နောက်ပြီး အုန်းတောရွာက ပြည်သူ ၃ ဦးကိုလည်း ဖမ်းခေါ်သွားတယ်။ အုန်းတောရွာက ၃ ဦးကတော့ ဒီနေ့ပြန်လွှတ်ပေးပြီး ကျနော်တို့ရွာသားကိုတော့ အင်တိုင်းရွာအတွင်းမှာ လည်လှီးသတ်ထားခဲ့ကြတယ်။ အလောင်းကတော့ သူတို့စစ်ကြောင်း ဒီ‌နေ့ မနက်ခင်း ထွက်သွားပြီး ရွာသားတွေ ရွာထဲဝင်မှ အလောင်းကို တွေ့ခဲ့ရတာ” လို့ ပြောပါတယ်။

ရေဦးက စတင်ထွက်ခွာလာတဲ့ စစ်ကြောင်းဟာ ခမရ ၇၀၈ တပ်ကဖြစ်ပြီး လက်ရှိ အဆိုပါစစ်ကြောင်းဟာ တန့်ဆည်မြို့နယ်၊ ချောင်းဆုံရွာအနီးမှာ ရောက်ရှိနေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် မနက်အစောပိုင်းက စတင်ပြီး စစ်ကောင်စီ စစ်‌ဆေးရေးဂိတ်‌တွေဖြစ်တဲ့ မြို့လှဂိတ်၊ ဒိုးဝိုင်းချောင်းဂိတ်၊ ကိုးမိုင်ဂိတ်နဲ့ ကလေးမြို့မြောက်ပိုင်း ကံကြီးကျေးရွာဘက်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲတွေကြောင့် မြို့လှရပ်ကွက်၊ မွှန်ထာရပ်ကွက်၊ ဒိုးဝိုင်း‌ချောင်းရပ်ကွက်၊ လေးအိမ်စုရွာ၊ သုံးအိမ်စုရွာ၊ မြောင်းဆုံရွာ စတဲ့ မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာတွေက ဒေသခံ ၂,၀၀၀ ဝန်းကျင်လောက် ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။

လေးအိမ်စုရွာကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတဦးက “မနက် ၅ ခွဲလောက်ကတည်းက စတိုက်ပွဲဖြစ်တာ။ စစ်တပ်ကလည်း မြို့တွင်းကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တာ။ ကျမတို့က မြို့လှဂိတ်နဲ့နီးတော့‌ တောင်ပိုင်းဘက်ကို ပြေးကြရတာ” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေကို စစ်ကောင်စီက မြို့တွင်းကနေ လက်နက်ကြီး‌တွေနဲ့ အဆက်မပြတ် ပစ်ကူ‌နေပြီး ကလေးမြို့တွင်းမှာလည်း လက်နက်ကြီးသံတွေ ဆူညံနေကာ မြို့တွင်း လူသွားလူလာ နည်းပါးသွားတယ်လို့ ကလေးမြို့ခံတွေက‌ ပြောပါတယ်။

ကလေးမြို့ခံတဦးက “သူတို့ တိုက်ပွဲတွေဖြစ်တာတော့ ကြားတယ်။ မနက်အစောက လက်နက်ကြီးသံ ဆူနေတော့ မြို့ထဲလည်း အသွားအလာ သိပ်မရှိဘူး။ သူသူကိုယ်ကိုယ် ကြောက်တော့ အိမ်ထဲပဲ နေနေကြတယ်” လို့ ပြောပါတယ်။

ကလေးမြို့အနီးတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ် ဆိုတာကိုတော့ တော်လှန်ရေး အင်အားစုတွေဘက်က အတည်ပြု ပြောဆိုထားပါတယ်။

ကလေးမြို့နယ် မြောက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်‌ဒဏ်ရာရတာတွေ ရှိနေတယ်လို့ ‌ပြောဆိုနေကြပေမဲ့ ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်သေးဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013