DVB Logo
Home
မြန်မာသတင်း
ရွှေကုက္ကိုလ်တွင် လူကုန်ကူးခံနေရသည့်   နိုင်ငံခြားသား ၆၀၀ ခန့်ကို ကယ်ထုတ်ရန် ကြိုးပမ်းနေ 
DVB
·
February 21, 2024
ရွှေကုက္ကိုလ်တွင် လူကုန်ကူးခံနေရသည့်   နိုင်ငံခြားသား ၆၀၀ ခန့်ကို ကယ်ထုတ်ရန် ကြိုးပမ်းနေ 
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်မှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ် ဂိုဏ်းတွေ လုပ်ကိုင်နေပြီး အဲဒီထဲမှာ လူကုန်ကူးခံရထားတဲ့ နိုင်ငံခြားသား အယောက် ၆၀၀ လောက်ကို ကယ်ထုတ်ပေးဖို့ ထိုင်းအစိုးရနဲ့ တာဝန်ရှိသူတွေ ပူးပေါင်း ကြိုးပမ်းနေကြပါတယ်။ 

ထိုင်း - မြန်မာနယ်စပ် သောင်ရင်းမြစ်နံဘေးက ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းမှာ တရုတ်ကာစီနို လောင်းကစားဝိုင်းတွေ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု စတဲ့ ရာဇဝတ်မှုတွေ နှစ်ပေါင်းများစွာ ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မှာ ၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းခံရပြီးတဲ့နောက် ရွှေကုက္ကိုလ်မြို့သစ်မှာ Scam center လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေ ပိုကြီးထွားလာခဲ့တာပါ။

နေ့စဉ် မြဝတီ- ရွှေကုက္ကိုလ် အလုပ်အကိုင် ရှာဖွေရေး တယ်လီဂရမ် ဂရုတွေမှာလည်း Chatting နဲ့ လူရှာ အလုပ်တွေအတွက် တဦးကို ဘတ် ၁၅၀၀၀ ကနေ ၂၀၀၀၀၊ ၃၀၀၀ လောက်အထိ လစာပေး ခေါ်ယူနေတာတွေလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းထဲက ကျောက်ခက်လို့ ခေါ်တဲ့နေရာက တရုတ် အွန်လိုင်း Scam center တွေမှာ ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေ လူကုန်ကူးရောင်းစားခံရပြီး လာရောက် ကယ်ထုတ်ပေးဖို့ အကူညီတောင်းထားသူ အယောက် ၆၀၀ လောက်ရှိတယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးသူတွေက ပြောပါတယ်။

ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးသူတဦးက “ကုမ္ပဏီထဲမှာ…. ကုမ္ပဏီခွဲတွေ အများကြီးပဲ။ ကုမ္ပဏီ တခုခုမှာ အနည်းဆုံး ၃၀၀၊ ၄၀၀ ၊ ၅၀၀ အဲ့လိုမျိုးတွေ ရှိတဲ့အခါ တချို့ကလည်း အကူအညီတောင်းရမှာ ကြောက်တယ်။ အဲ့လို အကူအညီ တောင်းလိုက်လို့ သူတို့ရဲ့ ဖုန်းထဲမှာ ကျနော်တို့နဲ့ အဆက်အသွယ်၊ သံရုံးနဲ့ အဆက်အသွယ် တောင်းတာတွေရှိရင် တာဝန်ရှိတဲ့သူတွေက ညဉ်းပန်းနှိပ်စက်တာ၊ ရိုက်နှက်တာ၊ အမှောင်ခန်းထဲမှာ ထမင်းမကျွေးဘဲ ပြစ်ဒဏ်ပေးတာတွေ တွေ့ကြုံခဲ့ရတယ်လို့ လူကုန်ကူးခံရသူတွေက ပြောပြချပြတာတွေရှိတယ်။ ဒါတွေကို DKBA က လူကြီးတွေကို ဓာတ်ပုံတွေနဲ့ တင်ပြတယ်။ ဒါကို DKBA မှာ လက်ရှိ တာဝန်ရှိသူတွေက ဒါကို လေးလေးနက်နက် ကိုင်တွယ်ပေးမယ်လို့ ယုံကြည်ထားတယ်”လို့ ပြောပါတယ်။

ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းဟာ စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ တရုတ်လုပ်ငန်းရှင် ရှီရှီကျန်းတို့ကြား အကျိုးတူ ပူးပေါင်းထားတဲ့ စီမံကိန်းဖြစ်ပါတယ်။

ဒီအွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ရာဇဝတ်မှုတွေက တိုက်ဖျက်ဖို့ စစ်ကောင်စီအပါအဝင် ကရင်နယ်ခြားစောင့်တပ် BGF နဲ့ DKBA, KNU တို့မှာလည်း တာဝန်ရှိတယ်လို့ ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ကူညီပေးသူတွေက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆောင်ဝစ်နွန်ဖက်ဒီးတို့နဲ့ တွေ့ဆုံခဲ့ပြီး မြဝတီက ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကလည်း ကရင်ပြည်နယ်စပ်တလျှောက်မှာ ရှိတဲ့ ငွေလိမ်ဂိုဏ်းတွေ၊ တရားမဝင် ကာစီနို လောင်းကစားဝိုင်းတွေ အားလုံးကို တိုက်ဖျက်သွားမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ကေအန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ဘယ်လို ပူးပေါင်း တိုက်ဖျက်သွားမလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ကျနော်တို့က ဖိတ်ခေါ်တာပဲ ရှိတယ်လေ။ နိုင်ငံတကာ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေက ကျနော်တို့နဲ့ လက်တွဲချင်တယ်ဆိုရင် ကျနော်တို့ ကြိုဆိုတယ်ပေါ့။ အဲဒါကြောင့် ဖိတ်ခေါ်ချက်လို့ ပြောလို့ရပါတယ်။ တခြား ဘာမှတော့ ထူးထူးခြားခြား မသိရသေးပါဘူး။ ကျနော်တို့က ပထမဦးဆုံး နိုင်ငံတကာနဲ့ လက်တွဲနိုင်တယ်ဆိုတာပဲရှိတယ်။ ဖိတ်ခေါ်တာပဲ ရှိသေးတယ်။ ကျန်တာတော့ ဘာမှ မပြောနိုင်သေးပါဘူး။ ဘယ်လောက်အထိ ပိတ်မိနေလဲဆိုတာလည်း ကျနော်တို့ မသိရပါဘူး”လို့ ပြောပါတယ်။

ရွှေကုက္ကိုလ်မြို့သစ် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရပြီး ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ ထောင်နဲ့ချီ ရှိနေပါတယ်။ အဲဒီလူတွေ ပြန်လွတ်မြောက်လာအောင် သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ပူးပေါင်း ကူညီပေးနေရတယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ရွှေကုက္ကိုလ်မြို့သစ်ထဲက Online Scam center တွေမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား အယောက် ၆၀၀ လောက်ထဲမှာ သီရိလင်္ကာ၊ ကင်ညာ၊ အီသီယိုးပီးယား၊ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ယီမင်၊ တရုတ်၊ မလေးရှား စတဲ့ နိုင်ငံပေါင်းစုံက လူကုန်ကူးခံရသူတွေ ပါဝင်တယ်လို့ သိရပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013