DVB Logo
Home
မြန်မာသတင်း
ယခုဘဏ္ဍာနှစ်အစပိုင်း ပြည်ပသို့ မြန်မာ့ ဆန်တန်ချိန်  ၁ သန်းကျော်သာ တင်ပို့နိုင်
DVB
·
February 21, 2024
ယခုဘဏ္ဍာနှစ်အစပိုင်း ပြည်ပသို့ မြန်မာ့ ဆန်တန်ချိန်  ၁ သန်းကျော်သာ တင်ပို့နိုင်
Donate to DVB

၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်အစပိုင်းမှာ မြန်မာ့ဆန် ပြည်ပတင်ပို့မှုကို တန်ချိန် ၂ သန်းခွဲလောက် ရည်မှန်းထားခဲ့ပြီး ဆန်ကရတဲ့ ဝင်ငွေကိုလည်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံရရှိအောင် ရည်မှန်းလုပ်ဆောင်ခဲ့ပေမဲ့ မျှော်မှန်းထားသလောက်ဖြစ်မလာဘဲ တန်ချိန် ၁ သန်းကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။

ပို့ကုန်ငွေလဲနှုန်း အပြည့်မရရှိတာအပြင် အယ်နီညိုဝင်ရောက်ပြီးတဲ့နောက် ပြင်းထန်တဲ့ ရာသီဥတု ကြောင့် ဆန်အထွက်လျော့ကျမယ့် အခြေအနေနဲ့ ပြည်တွင်းစားသုံးဆန်ဖူလုံဖို့ ထိန်းညှိ ဆောင်ရွက်နေတဲ့အတွက် ဆန်တင်ပို့မှု လျော့ကျခဲ့တာလို့  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဘယ်လိုပဲ ဖြစ်ဖြစ် ခုဏ ပြောသလို ဒီနှစ် ၅၇၄ သန်း ရထားပြီးပြီ၊ ကျန်တဲ့ နှစ်လမှာ တလကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်လောက်ရအောင်  စီစဉ်မယ်။ နောက် ဒီနှစ်ကို အမေရိ ကန်ဒေါ် သန်း ၇၀၀ ဝန်းကျင်လောက်ဝန်းကျင် ခန့်မှန်းတယ်။ သန်း ၇၀၀ ဟာ ၂၀၂၀ - ၂၁ ရဲ့ ပြည်ပတင်ပို့တဲ့ဝင်ငွေက သန်း ၇၀၀ ဖြစ်ပါတယ်။ နောက် ၁၈ - ၁၉ ပြည်ပတင်ပို့တဲ့ ဝင်ငွေက ၇၀၉ သန်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ နှစ်တွေမှာ တင်ပို့တဲ့ ဝန်းကျင်လောက် ပြန်တင်ပို့မယ်။ ဒါပေမဲ့ တန်ချိန်အားဖြင့်တော့ ၂ သန်း မပြည့်နိုင်ပါဘူး။  တန်ချိန် ၁ သန်းကျော်ပဲ ဖြစ်နိုင်တဲ့အနေထားဖြစ်ပါတယ်။”

မြန်မာ့ဆန်တင်ပို့မှုက လွန်ခဲ့တဲ့ ၅ နှစ်က အခြေအနေကို ပြန်ရောက်သွားသလို မနှစ်ကကာလတူနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စုစုပေါင်းတန်ချိန် ၅ သိန်းကျော် လျော့ကျနေပါတယ်။  ဒါကြောင့် ဆန်ကရတဲ့ဝင်ငွေကလည်း အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော် လျော့နည်းသွားပါတယ်။ 

လက်ရှိဘဏ္ဍာနှစ်အတွက် ဆန်တင်ပို့ခဲ့တဲ့ ၁၀ လတာ ကာလကို ပြန်ကြည့်မယ်ဆိုရင် စုစုပေါင်း ဆန်တန်ချိန် ၁,၁၆၀,၀၀၀  ကျော် တင်ပို့ထားပြီး အဲ့ဒီတင်ပို့ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၅၇၄ သန်း ရရှိထားတာပါ။ 

မနှစ်က ကာလတူမှာတော့ တန်ချိန် ၁,၆၈၀,၀၀၀ သောင်းကျော်  တင်ပို့ထားပြီး အမေရိကန် ဒေါ်လာ ၇၀၇ သန်း ရရှိခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းဆန်စပါးထုတ်လုပ်မှုက ပြောပလောက်အောင် လျော့ကျနေတာမရှိဘဲ တန်ချိန် ၁၃ သန်း လောက် ထုတ်လုပ်နေပြီး ပြည်တွင်းစားသုံးမှုက တန်ချိန် ၁၀ သန်းလောက်ရှိတယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဆန်တင်ပို့မှုလျော့ကျပေမဲ့ ပြည်တွင်းစားသုံးတဲ့ ဆန်ချော ဆန်ကြမ်းဈေးနှုန်းတွေ မြင့်တက် နေတာက ပြည်တင်ပို့တဲ့ ဆန်ဈေးနှုန်းတက်လာတဲ့အပေါ်မှာ ပြည်တွင်းစားဆန်ဈေးနှုန်းတွေပါ တက်လာပြီး ဆန်ကြမ်း တအိတ်ကို ကျပ် ၈၀,၀၀၀ အထက်ကို ရောက်ရှိသွားပါတယ်။

လတ်တလော ပြည်တွင်းဆန်ဈေးနှုန်းတွေက ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ အမြင့်ဆုံးကို ရောက်ရှိ သွားပြီး ပြည်တွင်းပြည်ပဆန်ဈေးကွက်အတွက် အဓိကကျတဲ့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှာတော့ ဆန်အဝင်ပုံမှန်ရှိနေပေမဲ့ ဆန်ဈေးကြီးလို့ အရောင်းအဝယ်အေးတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ နီးစပ်သူက “ဆန်ကတော့ အခုလောလောဆယ် ပုံမှန်လေး ဝင်နေတယ်၊ ဈေးတွေက နည်းနည်းမြင့်နေတဲ့ အနေထားမှာ ဝယ်ယူတဲ့သူတွေက သိပ်မကိုက်ဘူး။ ဈေးက အမြင့်ဆုံးဖြစ်နေတာပေါ့။ စပါးဈေးတွေ ကလည်း နယ်မှာတအားမြင့်နေတယ်၊ အခုက ရေကျတွေတော့ ပေါ်နေတယ်။ နွေဆန်ကတော့ ပေါ် ဖို့ နည်းနည်းလိုသေးတယ်။ အဲဒီတော့ နွေဆန် ပေါ်လာမှပဲ ဈေးက နည်းနည်းချလို့ရမယ်၊ အခု တိုင်းကတော့ ဒီတိုင်းလေးပဲ သွားနေတယ်။ ဒါပေမဲ့ အရောင်းအဝယ်ကောင်လားဆိုတော့ ပြည်တွင်းစားဆန်တွေက ဈေးမြင့်ပြီးတော့ ရောင်းမကောင်းဘူး။ ဝယ်လိုအား သိပ်မရှိဘူး။ ဒါပေမဲ့ ဈေးတွေကတော့ မြင့်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ Export ဆန်က ကုန်ကြမ်းဈေးတွေက အမြင့်မှာရောက်နေတယ်။ ၈ သောင်းအပေါ်မှာ ရောက်နေတော့ စားဆန်တွေက ၉ သောင်းကျော်၊ ၁ သိန်းတွေ ဖြစ်နေတယ်” လို့ ပြောပါတယ်။

လာမယ့်နှစ် ဆန်ပြည်ပတင်ပို့တဲ့လုပ်ငန်းအတွက် ဆန်နဲ့ဆန်ထွက်ပစ္စည်းကရတဲ့ဝင်ငွေ မထိခိုက် အောင်နဲ့ ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်ဖို့ ဆန်ဖြူတင်ပို့မှုကို လျှော့ချပြီး ပေါင်းဆန်နဲ့ ဆန်ကွဲတွေကို တိုးမြှင့်တင်ပို့သွားဖို့ ပြင်ဆင်နေတယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။ 

ဟန်န 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013