DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံဘက် ထွက်ပြေးလာသည့် မြန်မာများကို ကူညီရန်နှင့် အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအမတ်ပြော
DVB
·
February 21, 2024
ထိုင်းနိုင်ငံဘက် ထွက်ပြေးလာသည့် မြန်မာများကို ကူညီရန်နှင့် အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအမတ်ပြော
Donate to DVB

စစ်မှုထမ်းရမှာကို ရှောင်လွှဲဖို့အတွက် ထိုင်းနိုင်ငံကို ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို လူသားချင်း စာနာထောက်ထားမှုအရ ကူညီပေးသင့်သလို မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့် ပေးသင့်တယ်လို့ ထိုင်းအတိုက်အခံအမတ်တဦးက အစိုးရကို တောင်းဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။

FAIR ပါတီက လွှတ်တော်အမတ် ခန်နာဝီဆူဘ်ဆန်းက မြန်မာစစ်အစိုးရဟာ နှစ်ဖက်သဘောတူညီချက်အရ ထိုင်းနိုင်ငံကို အလုပ်သမားတင်ပို့မှု ရပ်ဆိုင်းထားလိုက်တယ်လို့ ပြောပါတယ်။

ခန်နာဝီဟာ FAIR ပါတီအတွက် ပါတီစာရင်းအရ အချိုးကျကိုယ်စားပြုစနစ်နဲ့ တင်မြှောက်ခံထားရတဲ့ အမတ်တဦး ဖြစ်ပါတယ်။

အရင်ကဆိုရင် တနေ့ကို နယ်စပ်ကနေ မြန်မာအလုပ်သမား ၇၀၀၊ ၈၀၀ လောက် နယ်စပ်ဖြတ်ပြီး ဝင်ရောက်ကြတယ်၊ ရွှေ့ပြောင်းလုပ်သား ရပ်ဆိုင်းမှုက မြန်မာနိုင်ငံက အခြေအနေနဲ့ ပတ်သက်မှုရှိမရှိတော့ မသေချာဘူး၊ တကယ်လို့ ပတ်သက်တယ်ဆိုရင် ထိုင်းအစိုးရက သူတို့တွေကို မြန်မာပြည် ပြန်ပို့နေတာဟာ အဓိက စိုးရိမ်စရာကိစ္စ ဖြစ်လာပြီလို့ လွှတ်တော်အမတ် မစ္စတာ ခန်နာဝီက ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေ အမြောက်အမြား ထိုင်းကို ထွက်ပြေးလာကြတယ်။ သူတို့က တရားမဝင် ခိုးဝင်လာတာ မဟုတ်ဘူး။ အသက်လုပြေးလာကြတာ။ အသေခံမလား၊ တခြားပြည်သူတွေကို သတ်မလားဆိုပြီး စစ်မြေပြင်အတင်းပို့နေလို့ ထွက်ပြေးလာကြတာ။ စစ်မှုမထမ်းမနေရ ဆင့်ခေါ်မှုကနေ ထွက်ပြေးနေကြတာ။”

ဒီကိစ္စကိုကိုင်တွယ်ဖို့ ထိုင်းအစိုးရအနေနဲ့ လာမယ့် ခြောက်လအတွင်း အရေးပေါ်အခြေအနေ တုံ့ပြန်ဖို့ အစီအမံတခု ချမှတ်ထားသင့်တယ်လို့လည်း ထပ်လောင်းပြောကြားပါတယ်။

နှစ်နိုင်ငံသဘောတူညီချက် နားလည်မှုစာချွန်လွှာ (MoU) တွေအရ လာအလုပ်လုပ်တာတွေ ရပ်ဆိုင်းနေတဲ့အချိန်မှာ အဲဒီအစား  လူသားချင်းစာနာမှုအပေါ် အခြေခံပြီး ထိုင်းကိုပြေးလာတဲ့ မြန်မာတွေကို ယာယီအလုပ်လုပ်ခွင့်ပြုဖို့လည်း အစိုးရကို ထိုင်းလွှတ်တော်အမတ်က တိုက်တွန်းလိုက်ပါတယ်။

ဝန်ကြီးချုပ် ဆေထာထဝီးဆင်က ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေကြောင်းအရ အရေးယူမယ်လို့ သတိပေးထားခဲ့ပါတယ်။

လာမယ့် ဧပြီလကစလို့ လူငယ်တွေကို စစ်မှုထမ်းခိုင်းတော့မယ့် စစ်အစိုးရရဲ့ အစီအစဉ် ထုတ်ပြန်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံကိုဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာဦးရေ တဟုန်ထိုး တက်လာအပြီးမှာ ဝန်ကြီးချုပ်က အဲဒီလို မှတ်ချက်ပေးခဲ့တာပါ။

ဖေဖော်ဝါရီ ၂၀ ရက်က တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်မှာ ပစ်ကပ်ကားထဲ ပုန်းခိုပြီး ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းစစ်သားနဲ့ ဒေသတာဝန်ရှိသူတွေ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို ခေါ်ယူပေးတဲ့ ထိုင်းနိုင်ငံသားနှစ်ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ တရားမဝင် ဝင်ရောက်မှုနဲ့ နေ့စဉ်နဲ့အမျှ အဖမ်းခံနေရတယ်လို့လည်း လုံခြုံရေးရင်းမြစ်တွေက ဆိုပါတယ်။

Source/Photo- Bangkok Post

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013