DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ခရာပင် ဆေးဖက်ဝင်
DVB
·
February 21, 2024
နွေဦးပြည်သူတို့အတွက် ခရာပင် ဆေးဖက်ဝင်
Donate to DVB

နွေဦးတော်လှန်ရေးတလျှောက် ဖက်ဆစ်စစ်မိစ္ဆာ အန္တရာယ်အစုံစုံ ဘေးရန်အဖုံဖုံအောက် ဒူးမထောက် လက်မမြှောက် နောက်ပြန်မလှည့်တမ်း ခရီးကြမ်းနှင်လာကြတဲ့ တော်လှန်ပြည်သူ တရပ်လုံးကို ရင်ဘတ်တခုလုံးနဲ့ ဦးညွှတ်အလေးပြုပါတယ်။ ခုခါမှာ တော်လှန်ဒီရေလည်း တက်၊ တော်လှန်လှိုင်းတွေလည်း မြင့်သထက် မြင့်လာပြီမို့ ပန်းတိုင်ရောက်ခါလည်း နီးပြီ။ ဒါကြောင့် ရှေ့ခရီးပြင်း နှင်နိုင်ဖို့ ကျန်းမာရေး အထူးဂရုပြုဖို့ အလေးအနက် မှာချင်ပါတယ်။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ခရာပင်(ရေ) ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာအနေနဲ့ မျှဝေတင်ပြသွားမှာ ဖြစ်ပါတယ်။ ခရာပင်ဟာ ဒီရေရောက်ရာ ကမ်းရိုးတန်းဒေသများဖြစ်တဲ့ ရခိုင်၊ မွန်၊ တနင်္သာရီနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများမှာ အများအပြား ပေါက်ရောက်ပါတယ်။

ခရာပင်ကို သိပ္ပံလို Acanthus ilicifolius၊ Acanthus doloariu Blanco၊ Acanthus ebracteatus၊ Acanthus volubilis၊ Dilivaria ilicifolia လို့ ခေါ်ပြီး အင်္ဂလိပ်လို holly-leaved acanthus, sea holly, and holy mangrove စသဖြင့် ခေါ်ကြပါတယ်။

ခရာပင်မှာ ဆား၊ အော်ဂဲနစ်အက်ဆစ်၊ ကာဗိုဟိုက်ဒရိတ်၊ ဟိုက်ဒရိုကာဗွန်၊ ပေါ်လီမာများ၊ ဆာလဖာဆင်းသက်လာများနဲ့ benzoquinone၊ naphthofurans၊ sesquiterpenes၊ triterpenes၊ alkaloids၊ flavonoids၊ tannins၊ triterpenoids၊ alkaloids၊ phenolic compounds၊ lignan၊ flavonoid၊ steroids၊ terpenoids၊ coumaric acid စတဲ့ ဇီဝဗေဒဆိုင်ရာ ဓာတ်ပေါင်းများစွာ ပါဝင်ပါတယ်။

ခရာပင်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ခြင်း၊ လိင်စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ အာရုံကြော အားကောင်းစေခြင်း၊ သွေးသန့်စင်ပေးခြင်း၊ ဆီးသွားခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်း၊ အစာကြေခြင်း၊ အရေပြားရောဂါများကို ခုခံနိုင်စွမ်းရှိခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အဆိပ်ဖြေအာနိသင်ရှိခြင်း၊ အနာကျက်စေခြင်း၊ အဖုအကျိတ်နဲ့ ကင်ဆာ ဆန့်ကျင်ခြင်း၊ အမျိုးသမီးများ မီးယပ်ဖြူဆင်းခြင်းကို တားဆီးခြင်း၊ အသက်ရှူလမ်းကြောင်းကို အားကောင်းစေခြင်း၊ ပိုးသတ်ဆေး မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ အသည်းကို အကျိုးပြုခြင်း၊ အရိုးကို ခိုင်ခံ့စေခြင်း စတဲ့ အစွမ်းအာနိသင်များ ပါဝင်ပါတယ်။

ဆေးဖက်ဆိုင်ရာမှာ ခရာပင်စည်၊ ခရာရွက်၊ ခရာမြစ်တို့ကို အဓိက သုံးစွဲကြပါတယ်။

အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ လေးဘက်နာရောဂါများမှာ ခရာရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် အရိုးအဆစ်များ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို လျော့ပါး သက်သာစေပါတယ်။

ပန်းနာရင်ကြပ်နဲ့ အသက်ရှူလမ်းကြောင်း ရောဂါများမှာ ခရာရွက်နဲ့ အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ချင်း(ဂျင်း)မှုန့် ကော်ဖီဇွန်းဝက်ခန့်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းမှ ချွဲသလိပ်များကို ဖယ်ရှားရှင်းလင်းပေးပြီး အသက်ရှူချောင်စေပါတယ်။

အမျိုးသမီးများ ရာသီစက်ဝန်းများ ပုံမမှန်ခြင်းနဲ့ ရာသီလာစဥ် ကိုက်ခဲခြင်း၊ မအီမသာ ဖြစ်ခြင်းများအတွက် ခရာရွက်ရေနွေးကြမ်းကို ပုံမှန်သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

ထိခိုက်ရှနာများမှာ ခရာရွက်သတ္တုရည်ကို လိမ်းကျံပေးခြင်းဖြင့် အနာကျက် မြန်စေပါတယ်။

ရုတ်တရက် အသည်းရောင်ခြင်း၊ နာတာရှည် အသည်းရောင်ခြင်း၊ အသည်းနဲ့ သရက်ရွက် ကြီးခြင်း၊ ရောင်ရမ်းခြင်း၊ အစာအိမ်နာခြင်း ရောဂါဝေဒနာများအတွက် အရွက်ခြောက် ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တခွက်စာ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကျောက်ကပ်ကျောက်တည်ရောဂါအတွက် အပင်တပင်လုံးကို ပြုတ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန် တခွက်စာ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ ရေဖျဉ်းစွဲခြင်းနဲ့ ဖောရောင်ခြင်းတို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဆီးတီ၊ ဆီးနည်း၊ ဆီးပူ၊ ဆီးအောင့်ခြင်းအတွက် ခရာမြစ်သတ္တုရည် ကော်ဖီ ၁ ဇွန်းကို ရေများများနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

မီးယပ်ဖြူဆင်းရောဂါနဲ့ အထွေထွေအားနည်းခြင်းများအတွက် ခရာမြစ်ကို နွားနို့နဲ့ပြုတ်ပြီး တခါသောက် ဖန်ခွက် ၁ ခွက်စာ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်း ဝေဒနာများမှာလည်း သောက်သုံးနိုင်ပါတယ်။

အရွက်မှ အချွဲများကို အဆစ်အမြစ် ရောင်ရမ်းခြင်းအတွက် လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

အဆိပ်မြားဒဏ်ရာများနဲ့ အဆိပ်ရှိသတ္တဝါများ ကိုက်ခဲခံရပါက ထုထောင်းထားတဲ့ အရွက်နုများကို ဒဏ်ရာပေါ်မှာ အုံပြီး စည်းနှောင်ထားပေးခြင်းဖြင့် အဆိပ်ဖြေဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ဆေးကို ၃ နာရီခြား တကြိမ် လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။

အရွက်သတ္တုရည်ကို ထိခိုက်ရှနာများမှာ လိမ်းပေးခြင်းဖြင့် အနာကျက်မြန်စေပါတယ်။

ပြည်တည်နာများမှာ အရွက်ကို ထုထောင်းပြီး အုံပေးထားခြင်းဖြင့် ပြည်များကို ကင်းစင်စေပါတယ်။

အဖုအကျိတ်ရောဂါများမှာ အရွက်ကို ထုထောင်းအုံပေးခြင်း၊ ခရာပင်ပြုတ်ရည် သောက်ပေးခြင်း ပြုလုပ်နိုင်ပါတယ်။

အစာအိမ်အချဥ်ပေါက်ခြင်း၊ အစာမကြေခြင်း၊ ရင်ပူခြင်းတို့အတွက် ခရာပင်စည်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ဆနွင်း ကော်ဖီဇွန်းဝက်ခန့် ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်သုံးနိုင်ပါတယ်။

ဆီးကျိတ်ရောင်ရောဂါအတွက် ပင်စည်နဲ့ အမြစ်ကို နွားနို့နဲ့ပြုတ်ပြီး တခါသောက် ဖန်ခွက် ၁ ခွက်စာကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆီးချိုရောဂါအတွက် ခရာရွက်ခြောက်မှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို သွေးတွင်း သကြားဓာတ် အနိမ့်အမြင့်ပေါ်မူတည်ပြီး တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

အရေပြားရောဂါများနဲ့ ပွေးပေါက်ခြင်းတို့အတွက် ခရာရွက်ပြုတ်ရည်နွေးနွေးနဲ့ ရေချိုးခြင်း၊ ဖန်ဆေးခြင်း ပြုလုပ်ပြီး ခရာရွက်သတ္တုရည်ကို ဆနွင်းမှုန့်နဲ့စပ်ပြီး လိမ်းပေးနိုင်ပါတယ်။

အကြောသေရောဂါအတွက် ခရာအမြစ်မှုန့် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ မနက်/ည တနေ့ ၂ ကြိမ် အသုံးပြုနိုင်ပါတယ်။ ခရာမြစ်ကို နွားနို့နဲ့ သောက်ပေးခြင်းဖြင့် အမျိုးသားများ လိင်စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။

ခရာရွက်လက်ဖက်ခြောက် ရေနွေးကြမ်းကို ပုံမှန်သောက်ပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို မြင့်တက်စေပြီး ရာသီပေါ်ရောဂါများကို ခုခံနိုင်ခြင်း၊ နာရှည်ရောဂါများနဲ့ သက်ကြီးပိုင်း အာရုံကြော အားနည်းရောဂါများ ကြိုတင်ဟန့်တားနိုင်ခြင်း၊ သွေးအားကောင်းခြင်း၊ သွေးဆုံးမီးယပ် ဝေဒနာများမှ လျော့ပါးသက်သာစေခြင်း၊ ကိုက်ခဲညောင်းညာ အကြောတက် ဝေဒနာများ ကင်းစင်ခြင်း စတဲ့အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါတယ်။

ခရာပင်မှာ ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ ခရာပင်ထွက်ပစ္စည်းများကို အလွန်အကျွံစားသုံးခြင်း မပြုလုပ်သင့်ပါ။ ကိုယ်ဝန်ဆောင်များ၊ ခရာပင်နဲ့ ဓာတ်မတည့်သူများလည်း ခရာပင်ထွက်ပစ္စည်းများကို ရှောင်ကြဥ်သင့်ပါတယ်။

နွေဦးပြည်သူတို့အတွက် ခရာပင်ရဲ့ ဆေးဘက်ဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်တဲ့အခါ ရယူသုံစွဲနိုင်ဖို့ ရေးသားတင်ပြလိုက်ပါတယ်။

တော်လှန်ခရီးမှာ ကျန်းကျန်းမာမာနဲ့ ခရီးပန်းတိုင်အထိ ရှေ့ဆက် ချီတက်နိုင်ကြပါစေ။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင်၊ ကျန်းမာရေးဝန်ထမ်း)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013