DVB Logo
Home
Lead Story
အလံဖြူ ကြင်စိုး
DVB
·
February 21, 2024
အလံဖြူ ကြင်စိုး
Donate to DVB

(က)

“ဘယ်လိုလဲ စိမ်းမောင် . . . မင်းတို့အဘ ‘တပ်ပြုတ်ကြီး’ ကြင်စိုးရဲ့ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ အခြေအနေလေး”

“အဲ . . . ဟို . . . အ ဝှာ . . .”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

အဘစောမူးသာ အမေးမှာ စိမ်းသရဖူစိမ်း အဘစိမ်းမောင် ကြောင်အအ ဖြစ်ရှာပေါ့ခင်ဗျာ။ ဟိုဘက်ရက်ကပဲ အဲသည်ဥပဒေနဲ့ လုံးဝကွက်တိ အကျုံးဝင်နေလေတဲ့ သူ့သားတော်နှစ်ကောင်ကို သာသနာ့ဘောင် ယာယီသွတ်သွင်းဖို့ အပူတပြင်း ကြံစည်ခဲ့သေးတယ် မဟုတ်ပါလား။

“စစ်မှုထမ်းရမယ့် အခြေအနေက ဘယ်လိုတွေဖြစ်နေပြီလဲ စိမ်းမောင်”

“ဟို . . . ဟိုလိုကွာ . . . ဒီ . . . ဒီလိုပဲ”

“မင်းရှင်းပြတာ ရှင်းလိုက်တာကွာ”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

အဘစောမူးသာနဲ့ စစ်ပြန်ကြီး အဘလုံးတုံးတို့ကား ပေါ့ပေါ့ပါးပါး တဟားဟားပါ ခင်ဗျ။ အဘစိမ်းမောင်ကား မဖြေနိုင်သည့် မေးခွန်းတွေကြားမှာ ချွေးပြန်နေပါလေ၏။ အရွှင်အဘတွေက “မအလကြီးပဲ ဒီလိုစစ်မှုထမ်းဥပဒေကို ထုတ်တယ် မထင်နဲ့၊ သူ့ဆရာလည်း ထုတ်ခဲ့တာပဲကွ” ဟု ဆိုတော့ အဘစိမ်းမောင် အသက်ရှူချောင်ကာ မေးလာပါလေ၏။

“နစကဥက္ကဋ္ဌကြီးလိုပဲ စစ်မှုထမ်းဥပဒေကို ထုတ်ခဲ့တဲ့ သူ့ဆရာရှိတယ်ဆိုတော့ ဘယ်သူလဲကွ”

“ဘယ်သူရှိရမလဲဟ . . . ‘ဟစ်တလာ’ လေ”

“ဝါး . . . ဟား ဟား ဟား ဟား ဟား ဟား”

“၁၉၄၄ ခုနှစ် စက်တင်ဘာလမှာ ဂျာမနီ နာဇီအာဏာရှင် စစ်ရာဇဝတ်ကောင် ဟစ်တလာရဲ့ စစ်သားတွေ အကျအဆုံးများနေပြီး တပ်ပျက်လို့ သူ ကျရှုံးတော့မယ်ဆိုတာကို သိနေပြီလေ”

“အင်း . . .”

“နာဇီတပ်မှာ စစ်မှုထမ်းမယ့်သူ မရှိတော့လို့ နိုင်ငံထဲက အသက် ၁၆ နှစ်ကနေ ၆၀ အထိ အရပ်သား အမျိုးသားအားလုံးကို စစ်မှုမထမ်းမနေရ အမိန့်နဲ့ စစ်တပ်ထဲ ဆွဲသွင်းခဲ့တယ်လေ”

“အမ် . . .”

“အေး . . . ဒါပေမဲ့ နောက်ထပ် ၇ လအကြာ ၁၉၄၅ ဧပြီလမှာ ဂျာမနီဟာ မဟာမိတ်တပ်တွေကို လုံးဝ လက်နက်ချ အရှုံးပေးလိုက်ရပြီး တိုင်းပြည်လည်း ပြာပုံအဖြစ် ကျန်ရစ်ခဲ့တယ်ဟ”

“အဲ . . .”

“အာဏာရှင်တွေ ပလ္လင်ရူးပြီး ထင်ရာစိုင်းသမျှ ပြည်သူလူထုပဲ ဒုက္ခတွေကို ခါးစည်းခံခဲ့ကြရတဲ့ သာဓကတွေ သမိုင်းမှာ တပုံကြီး”

“. . . . . . . .”

“ထူးခြားတာကတော့ အာဏာရှင် ‘ဟစ်တလာ’ ဟာ ‘ပန်းချီ’ ကို ဝါသနာကြီးသလို အာဏာရူး ‘မအလ’ ဟာလည်း ‘သီချင်း’ ကို ဝါသနာကြီးပုံရတယ်ကွ”

“မအလ ‘သီချင်း’ ဝါသနာကြီးတယ်ဆိုတော့”

“ဟုတ်တယ်လုံးတုံး . . . ညဘက်ညဘက် အသံနက်နက်ကြီးနဲ့ ဇော်ဝင်းထွဋ်သီချင်းကို မအလကြီး ထထဆိုနေတယ်လို့ ‘ဖရဲသီး’ က ပြောသဟ”

“ဘယ်သီချင်းလဲဟ . . .”

အဘလုံးတုံး အမေးကို အဘစောမူးသာက အသံကို ကွဲအက်အက်ကြီးလုပ်၍ ‘ပျားရည်’ သီချင်းကို သီဆိုကာ ဖြေပါလေ၏ ခင်ဗျာ။

“အရှေ့နဲ့ အနောက် တောင်နဲ့ မြောက်မှာကွယ် အဆိုးများက နေရာတိုင်း ဝိုင်း . . . ဝိုင်းရံထားဆဲ . . . ဝိုင်းရံထားဆဲ မင်း အသိပဲကွယ် . . . ဓားသွားထက် အာဏာရမ္မက်ကို ခုံ မ င် နေ တ ယ် . . . ခါးသီးတဲ့နေ့တွေမှာလည်း ရှေ့ဆက်ရင်း တပ်ပြုတ်လို့ တပ်မဲ့ဘဝဟာ ဘယ်သူလဲ”

(ခ)

“အခုတော့ တပ်တင် ပြုတ်တာမဟုတ်ဘူး၊ ငှက်တွေကော၊ ပုဇဉ်းတွေကော၊ ငါးတွေကော အကုန်ပြုတ်ကုန်တာ”

“ဘာတွေလဲမူးသာရာ . . . ငှက်တွေ၊ ပုဇဉ်းတွေ၊ ငါးတွေ ဆိုတာ”

အဘလုံးတုံးက ဝင်၍ ‘ချွန်’ လာပါလေရာ အဘစောမူးသာက ‘ငှက်’ ဆိုတာ ‘တိုက်လေယာဉ်’၊ ‘ပုဇဉ်း’ ဆိုတာ ‘ရဟတ်ယာဉ်’၊ ‘ငါး’ ဆိုတာ ‘စစ်သင်္ဘော’ ကွ၊ ဟုတ်တယ် မဟုတ်လား စိမ်းမောင်ရဟု ဆိုလေရာ အဘစိမ်းမောင်မှာ “ငါ . . မသိဘူး” ဟုဆိုသဖြင့် တဟားဟား ရယ်ကြရပြန်ပါလေ၏။

“ငှက်ကင်တွေရမယ်၊ ပုဇဉ်းကင်တွေရမယ်၊ ငါးကင်တွေရမယ် . . .”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

သို့ဖြင့် ကြင်စိုး သာဝ မအလ လက်ထက်မှာ ပေါ်ပေါက်သုံးစွဲခဲ့သည့် ‘ဘန်းစကား’ များကို စာအုပ်ပြုစုမည်ဆိုပါက အတွဲ ၁၊ အတွဲ ၂၊ အတွဲ ၃ . . . စသည်ဖြင့် အတွဲတွေခွဲ၍ ထုတ်ရမည်အထိ ဝေါဟာများ များပြားနေပြီဟုလည်း သုံးသပ်ကြပါလေ၏။

“ဒင်းနာမည်တင် အတော်များနေပြီလကွာ”

“အေးကွ . . . ကြောင်ချီး၊ သာဝ၊ မအလ၊ ခေါမလင်၊ ကြင်စိုး၊ ဘိုတု၊ သောက်ပု၊ သောင်းလှိုင်သား၊ ဖိုးတက်ပု၊ တပ်ပြုတ်ကြီး၊ မာရသွန် . . . အေးကွာ . . သူ့တင် အတော်များနေပြီ”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

“မူလအသုံးကနေ အခြားနေရာသစ်တွေမှာ အံဝင်ခွင်ကျ လိုက်ဖက်ညီအောင် သုံးစွဲနေကြပြီ ဖြစ်တဲ့ ဝေါဟာရတွေလည်း နည်းနည်းနောနော မဟုတ်ဘူး”

“မုန့်ဟင်းခါး၊ ဒံပေါက်၊ အုန်းနို့ခေါက်ဆွဲ၊ နန်းကြီးသုပ်၊ ရခိုင်မုန့်တီ၊ ရှမ်းအိုးစည်၊ မြေသြဇာ၊ ဖရဲသီး၊ ငှက်ကင်၊ ပုဇဉ်းကင်၊ ငါးကင်၊ နှုတ်ခမ်းနီတောင့်၊ နာနတ်သီး၊ အုန်းသီး၊ ထန်းသီး၊ ဒူးရင်းသီး . . . . ဟီး ဟီး ဟီး ဟီး ဟီး ဟီး”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

အားလုံး ပေါ့ပေါ့ပါးပါး ဟားနေကြချိန်မှာ အဘစိမ်းမောင်ကား ရုပ်တည်ကြီးဖြင့် သူတို့၏ အဘ သုံးစားမရ မအလမျက်ခွက်ကိုတွေးကာ စိတ်နာနေသည့်ပုံပါလေ။ အခုအချိန်မတော့ မအလ၏ အမာခံတွေလည်း ဒုက္ခအကြီးအကျယ် ရောက်ဖွယ်ရှိနေသည့် ကာလဆိုးကြီးပါလေ။

ခဏအကြာမှာ အဘလုံးတုံးထံမှ သီချင်းသံ ထွက်ပေါ်လာပြန်ပါလေ၏ ခင်ဗျာ။ သူလည်း မအလကိုယ်စား ခံစားသီဆိုနေပုံပါပဲ။

“အရှေ့ နဲ့ အနောက် တောင် နဲ့ မြောက်မှာကွယ် ဒရုန်းများက နေရာတိုင်း ဝိုင်း . . . အဝိုင်းခံရဆဲ . . . အဝိုင်းခံရမြဲ ခေါ အ သိ ပဲ ကွ ယ် . . . လည်ကုပ်ထက် ဓားသွားစက်ကို မြ င် ယောင် နေ တ ယ် . . . ရက်စက်တဲ့အလုပ်တွေနဲ့ ဆက်မိုက်ရင်း တပ်ပြုတ်လို့ ကြွမဲ့ဘဝဟာ ဘယ်သူလဲ”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

(ဂ)

အဘစောမူးသာက တပုဒ် အဘလုံးတုံးက တပုဒ်ဖြင့် ကြင်စိုး သာဝ မအလ၏ လက်ရှိအခြေအနေကို ဂုဏ်ပြုသီဆိုပြီးချိန်မှာ အဘစိမ်းမောင်ကား ပြန်ရန်ပြင် ဖင်တကြွကြွ ဖြစ်နေပါလေပြီ။ အရွှင်အဘနှစ်ဦးက ဖေကြီးကို လှမ်းကြည့်ကာ ပြုံးဖြဲပြုံးဖြဲ လုပ်ပြကြပါ၏။

ပြီးတော့ ဆက်ပြောကြသည်မှာ မအလရဲ့ နောက်ဆုံးရက်တွေဟာ အမှန်တကယ်ကို နီးကပ်လာနေပါပြီ တဲ့။ ဗမာ့ဆိုရိုးစကားလို ‘နေ့လား ညလား’ အဆင့်ကို ရောက်ရှိနေပါပြီ တဲ့။

“မြေပြင်အခြေအနေအရ ဒီအယုတ်တမာကောင် မအလရဲ့တပ်တွေဟာ ပြုတ်ပြုတ်ပြုန်းလာပြီး အခွံပဲကျန်တော့မှာဖြစ်လို့ လူထုကို အတင်းအကျပ် စစ်တပ်ထဲဆွဲသွင်းနေကြပြီလေ”

“အကြံပက်စက်တဲ့ကောင်ပါကွာ”

“ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေ၊ မီးသတ်တွေ၊ စစ်သားမယားနဲ့ သားသမီးတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ထောင်ကျစစ်သားတွေ . .. . . ကို လက်နက်တပ်ဆင်ပေးခဲ့တာတွေလည်း တခုမှ အဆင်ပြေပုံမရဘူး”

“ဟုတ်ပကွာ . . .”

“အခုလည်း တက္ကသိုလ်မှာ ပညာသင်ထောက်ပံ့ကြေး တပဲခြောက်ပြား ယူထားမိခဲ့တဲ့ ကလေးတွေကို စစ်မှုထမ်းရမယ်လို့ စီစဉ်နေပြန်ပြီတဲ့ဟ”

“ဒုက္ခ . . . ဒုက္ခ . . .”

“ဒါပေမဲ့ ဒီအယုတ်တမာကောင်ကြီးရဲ့ ဖက်ဆစ်တပ်ဟာ ဒီ့ထက်ကို အင်အားယုတ်လျော့လာအုံးမှာ ကျိန်းသေတယ်”

“ဒီလိုဆို ဒီကောင်ကြီး ဘာတွေဆက်လုပ်မလဲ”

“အဲ . . ဒီကောင်ကြီး လုပ်ဖို့ရာ တခုပဲရှိတော့တယ်။ ရှေးတုန်းက စစ်သူကြီးတွေလို သူကိုယ်တိုင် ရှေ့ဆုံးက မြင်းကြီးစီးပြီး ထွက်ဖို့ပဲ”

“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . ‘မဟာဗန်ပုကွ’ ဆိုပါတော့”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

“ဒါပေမဲ့ ဒင်းက သောက်ပုလေး ဆိုတော့ ‘မြင်း’ တော့ စီးနိုင်မယ် မထင်ဘူး”

“‘မြင်း’မစီးနိုင်လည်း သူနဲ့လိုက်ဖက်တဲ့ အကောင်တမျိုးမျိုး စီးမှာပေါ့ မူးသာရာ”

“ဟား ဟား ဟား ဟား ဟား ဟား ဟား”

“ဒါနဲ့ မအလက အကောင်ခပ်ပုပုလေးစီးပြီး ပြည်သူ့တော်လှန်ရေးတပ်တွေကို ရင်ဆိုင်ရင် သေသွားမှာပေါ့ဟ”

“မသေအောင် ကြံဆောင်တဲ့နည်း သူ့တပည့်တွေဆီက သူ ရပြီးသားလေကွာ”

“ဘယ်လိုဟာမျိုးလဲဟ လုံးတုံးရ”

“အဖြူရောင် လားပုလေးကိုစီးပြီး ညာလက်ထဲမှာ အဖြူရောင်အလံလေးကို ရိုရိုသေသေ ကိုင်လာဖို့ပဲ ရှိပါတော့သဗျား . . .”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013