DVB Logo
Home
မြန်မာသတင်း
သာပေါင်းမြို့တွင် စိုက်ပျိုးစရိတ် ချေးငွေအကြွေးကျန်  ဖိအားပေးတောင်းခံနေ  
DVB
·
February 21, 2024
သာပေါင်းမြို့တွင် စိုက်ပျိုးစရိတ် ချေးငွေအကြွေးကျန်  ဖိအားပေးတောင်းခံနေ  
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့မှာ အန်အယ်လ်ဒီ အစိုးရလက်ထက်က ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေ အကြွေးကျန်တွေကို စစ်ကောင်စီရဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဖိအားပေးတောင်းယူနေတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။ 

သာပေါင်းမြို့နယ်မှာ ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်တွေကို ပြန်မဆပ်ရင် အရေးယူမယ်ဆိုပြီး ဖေဖော်ဝါရီလ ဒုတိယအပတ်ကနေ စတင်ပြီး စစ်ကောင်စီရဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေး ခေါ်ခိုင်းပြီး ဖိအားပေးတောင်းယူနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ 

သာပေါင်းမြို့နယ်က လယ်သမားတယောက်က“၂၀၁၉ နဲ့ ၂၀၂၀ တို့က ကျန်တဲ့ငွေတွေကို သူတို့က ပြန်ရဖို့ အုပ်ချုပ်ရေးမှူးတွေတဆင့် အစည်းအဝေး လှမ်းခေါ်ပြီး ဘဏ်က တာဝန်ရှိသူတွေက ပြန်တောင်းနေတာ။ ဆပ်စရာမရှိလို့ ဒုက္ခရောက်နေတဲ့သူတွေ မနည်းဘူး။ တချို့ကလည်း ပြောမယ်ဆို ခြံတွေ၊ အိမ်တွေ ဘာတွေ ရောင်းပြီးမှ ဆပ်ရတဲ့လူတွေလည်း ရှိတယ်။ သတိပေး ခြိမ်းခြောက်တောင်းတာဆိုတော့ မနေရဲဘူးလေ။ တချို့ကလည်း အတိုးတွေနဲ့ဆွဲပြီး မရှိ ရှိတာ လုပ်ကိုင်ပြီး ဆပ်ကြရတယ်ပေါ့” လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရ လက်ထက်က ဧရာဝတီတိုင်းမှာ လယ် တဧကကို စိုက်ပျိုးစရိတ်ချေးငွေ ကျပ်တသိန်းခွဲစီနဲ့ လယ်သမားတဦးကို လယ် ၁၀ ဧကအထိ ထုတ်ချေးပေးခဲ့တာ ဖြစ်ပြီး တချို့ကျေးရွာတွေမှာ  စိုက်ပျိုးစရိတ်ချေးငွေတွေကို ဖေဖော်ဝါရီလကုန် ပြန်လည်ပေးဆပ်ဖို့ သတ်မှတ်တောင်းယူနေပြီး ပေးဆပ်ဖို့ ပျက်ကွက်ရင် ဖမ်းဆီးခွင့်ပြုထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

သာပေါင်းမြို့နယ်က နောက်ထပ် တောင်သူ တဦးက “အခုလမှာ အရင်ကထက် အတင်းတောင်းလာတယ်။ တကယ့်ကို အပူတပြင်း တင်းတင်းကျပ်ကျပ် တောင်းလာတယ်။ မဖြစ်မနေ ဆပ်ရမယ်ပေါ့။ မဆပ်ရင် အထက်က ဖမ်းခွင့်ပြုထားတယ်။ အမှုဖွင့် တရားစွဲလို့ရတယ်ဆိုပြီးတော့ကို ပြောတောင်းနေတာ” လို့ ပြောပါတယ်။ 

သာပေါင်းမြို့နယ်မှာ အခုနှစ်အတွင်း ရာသီဥတုဖောက်ပြန်လို့ သီးနှံပျက်စီးမှုများတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်လို့ စိုက်ပျိုးစရိတ်တွေ မြင့်တက်လာတာကြောင့် အခက်အခဲတွေဖြစ်နေချိန် စိုက်ပျိုးစရိတ် ချေးငွေတွေကိုပါ ဖိအားပေးတောင်းယူနေတာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ 

ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံမှာ ဆန်စပါးအများဆုံး ထွက်ရှိသလို ၂၀၂၂-၂၀၂၃ ခုနှစ် ဇူလိုင်လမှာ မိုးစပါးစိုက်ဧက ၁ ဒသမ ၆ သန်း စိုက်ပျိုးခဲ့ပြီး ၂၀၂၃ ဇန်နဝါရီလမှာတော့ နွေစပါး ၁ ဒသမ ၂ သန်းကျော် စိုက်ပျိုးခဲ့တယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာလည်း ဖေဖော်ဝါရီလ ပထမအပတ်က လယ်သမား ချေးငွေတွေ ပြန်ဆပ်ဖို့နဲ့ ပြန်မဆပ်ရင် တရားစွဲမယ်ဆိုပြီး သတိပေး ခြိမ်းခြောက် တောင်းယူမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013