DVB Logo
Home
နိုင်ငံတကာ
ဘတ်သန်း ၃၀ ကျော်တန်ဖိုးရှိ တရားမဝင် အလှပြုပြင်ရေးနှင့် ဆေးပစ္စည်းများ ဖမ်းဆီးရမိ 
DVB
·
February 20, 2024
ဘတ်သန်း ၃၀ ကျော်တန်ဖိုးရှိ တရားမဝင် အလှပြုပြင်ရေးနှင့် ဆေးပစ္စည်းများ ဖမ်းဆီးရမိ 
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်နဲ့  နွန်ထပူရီခရိုင်ထဲမှာ ဘတ်သန်းပေါင်း ၃၀ ကျော်တန်ဖိုးရှိ တရားမဝင် အလှပြုပြင်ရေးနဲ့  ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့  ထိုင်းနိုင်ငံစားသုံးသူများ ကာကွယ်ရေးနဲ့ ရာဇဝတ်မှုနှိမ်နင်း‌‌ရေးရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဗဟိုမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ (CIB) နဲ့  နိုင်ငံတကာရဲတပ်ဖွဲ့ ( INTERPOL ) ပူးပေါင်းတပ်ဖွဲ့ ဝင်တွေဟာ ကြိုတင်သတင်းထောက်လှမ်းချက်အရ ဘန်ကောက်၊ နွန်ထပူရီနဲ့ ဘန်ကလွေးနယ်မြေရှိ နေရာပေါင်း ၄ ခုကို မနေ့က သွားရောက် စစ်ဆေးပြီး တရားမဝင် အလှပြုပြင်ရေးပစ္စည်းနဲ့ ဆေးဝါး၊ ကရိယာတွေ ဖမ်းဆီးရမိခဲ့တယ်လို့  စားသုံးသူများ ကာကွယ်ရေးနဲ့ရာဇဝတ်မှုနှိမ်နင်းရေးဌာန ရဲမှူးကြီး ဝိထယား ဆီပရေ့ဖတ်က ပြောပါတယ်။ 

အဆိုပါပစ္စည်းတွေမှာ တံဆိပ်စုံ အမျိုးအစားပေါင်း ၁၁၉ မျိုးနဲ့ အရေအတွက်ပေါင်း ၁၆၈၇၈၁ ခုရှိပြီး တန်ဖိုး ဘတ်သန်းပေါင်း ၃၀ ကျော်ရှိကြောင်း၊ အဓိကတာဝန်ရှိတဲ့ နန်းဆောင်နန္ဒဖွန်း ဆိုသူမှာတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။ 

နိုင်ငံတကာရဲတပ်ဖွဲ့တွေ ပူးပေါင်းလာရတဲ့အကြောင်းမှာ ဒီပစ္စည်းတွေဟာ ထိုင်းကနေ တရုတ်၊ ဗီယက်နမ်၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေကို တင်ပို့ရောင်းချနေလို့ဖြစ်တယ်၊ ဒီမတိုင်ခင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စင်ကာပူနိုင်ငံတာဝန်ရှိသူတွေဟာ ထိုင်းကနေပို့ဆောင်လိုက်တဲ့ အလှအပဆိုင်ရာ ဆေးဝါးတွေကို စစ်ဆေးခဲ့ကြောင်း၊ ဆေးတံဆိပ်မှာ ဆွစ်ဇာလန်နိုင်ငံမှ ထုတ်လုပ်တယ်လို့ရိုက်နှိပ်ထားပေမယ့် ကုမ္ပဏီအမှန်တကယ်မရှိဘူးဆိုတာ စစ်ဆေးတွေ့ရှိခဲ့တယ် ၊ ပစ္စည်းတွေဟာလည်း အရည်အသွေးမရှိဘူးလို့ ဆိုတယ်၊ ဒါကြောင့် ဇာစ်မြစ်ကိုလိုက်ရှာရာမှာ ထိုင်းနိုင်ငံက လာတာဖြစ်တာကြောင့် အခုလို ပူးပေါင်းစစ်ဆေးရတာလို့ ဆိုပါတယ်။ 

အဆိုပါပစ္စည်းတွေဟာ ဆွစ်ဇာလန်က လာတာမဟုတ်ဘဲ တရုတ်ပြည်ကနေ တရားမဝင်တင်သွင်း တာဖြစ်ကြောင်း၊  အဓိကတာဝန်ရှိတဲ့  နန်းဆောဝ်နန္ဒဖွန်းမှာလည်း နိုင်ငံတကာကအလိုရှိနေတဲ့ တရားခံတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ 

သူ့ဂိုဒေါင်ကနေ ဘဏ်စုငွေစာရင်းစာအုပ်ပေါင်း ၁၀ အုပ်သိမ်းဆည်းရမိပြီး လုပ်ငန်းလည်ပတ်ငွေ တစ်နှစ်ကို  ဘတ် ၁၀ သန်းရှိတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေဟာ အဆိုပါဂိုဒေါင်ကဆေးနဲ့ ကုသရေးပစ္စည်းဝယ်ယူနေတဲ့  အလှပြုပြင်ရေး ဆေးခန်းတွေ လိုက်လံစစ်ဆေးရာမှာ ဆရာဝန်အတု ၄ ယောက်ပါ တွေ့ရှိကြောင်း၊ သူတို့တွေဟာ ပညာအရည်အချင်း အထက်တန်းဆင့်သာအောင်မြင်ပြီး အလှပြုပြင်ရေးကို ဆရာဝန်ကဲ့သို့ ခွဲစိတ်ကုသပေးနေသည်မှာ လွန်စွာအန္တရာယ်ရှိတယ်လို့  ဆိုပါတယ်။ အဆိုပါဆေးဝါးဆိုင်ရာပစ္စည်းတွေကို Shopee ၊ Lazada ၊ LINE SHOPPING စတဲ့ ပစ္စည်းရောင်းဝယ်ပေးပို့တဲ့ အပလီကေးရှင်းတွေကနေ မှာယူနိုင်သလို Jancy shop, TB white shop , N skin shop , JS shop အစရှိတဲ့ နာမည်ကြီးဆိုင်တွေမှာလည်း ရောင်းချတာကြောင့် သတိပြု ဝယ်ယူဖို့ ရဲမှူးကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013