Home
မြန်မာသတင်း
စစ်တွေလေဆိပ်တွင် ရန်ကုန်မှပြန်လာသည့် ခရီးသည်များကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေး
DVB
·
February 20, 2024

ရန်ကုန်မြို့ကနေ စစ်တွေမြို့ကို လေယာဉ်နဲ့ပြန်လာတဲ့ ခရီးသည်တွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၉ ရက် မနက်က စစ်တွေလေဆိပ်မှာ ဖမ်းဆီးပြီး လောကနန္ဒာဘုရားဝင်းထဲမှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် မနက်က ရန်ကုန်ကဆိုက်ရောက်လာတဲ့ လေကြောင်းလိုင်းအားလုံးက ခရီးသည်တွေကို စစ်တွေလေဆိပ်မှာရှိတဲ့ စစ်သား၊ ရဲနဲ့ လေဆိပ်ရဲတွေက စစ်ဆေးဖို့အတွက် စစ်တွေမြို့ထဲမှာရှိတဲ့ လောကနန္ဒာဘုရားဝင်းထဲကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ အမည်မဖော်လိုတဲ့ လေယာဉ်ဝန်ထမ်းတဦးက ပြောပါတယ်။

“မနက်ကတည်းကနေ လေယာဉ်နဲ့ပါလာတဲ့ ခရီးသည်တွေကို ဘယ်မှမသွားခိုင်းဘဲနဲ့ လေဆိပ်မှာပဲ နေခိုင်းထားတယ်။ လေယာဉ်လေးငါးစီးမှာပါတဲ့ ခရီးသည်တွေ ရာနဲ့ချီပြီးတော့ ရှိတယ်။ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း စစ်ချင်လို့ ဖမ်းတာလို့ ပြောတယ်။ ခရီးသည် အရေအတွက် အတိအကျတော့ မသိရသေးဘူး။ လေဆိပ်ကနေ လောကနန္ဒာဘုရားဝင်းထဲကို ဖမ်းခေါ်သွားတယ်။”

အခုလို လေယာဉ်ခရီးသည်တွေကို အကြောင်းပြချက်မရှိ ဖမ်းဆီးစစ်ဆေးရတာနဲ့ ပတ်သက်လို့ ဘာကြောင့်ဖမ်းဆီးရတယ်ဆိုတာကို သိရှိဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။

ဖမ်းဆီးခံရတဲ့ ခရီးသည်တွေထဲက ဝန်ထမ်းတွေနဲ့ သက်ကြီးပိုင်း အများစုကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီး လူငယ်တွေအများစုကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရတဲ့သူတွေထဲက စစ်တွေမြို့ဒေသခံ မဟုတ်သူတွေကိုပါ ဧည့်စာရင်း အကြောင်းပြချက်နဲ့ စစ်ကောင်စီဘက်က ငွေညှစ်တာတွေပါ ရှိတယ်လို့ စစ်တွေမြို့မှ အစိုးရဝန်ထမ်းတဦးက ပြောပါတယ်။

“စစ်တွေမြို့ခံမဟုတ်တဲ့သူတွေဆီက ပိုက်ဆံတောင်းတာတွေ ရှိတယ်။ ဘယ်မှာနေတာ၊ ဘာအလုပ်လုပ်တာကအစ လဝကမှာရှိတဲ့ စာရင်းနဲ့ ခရီးသည်တွေပြောတဲ့ အချက်အလက်တွေကို တိုက်စစ်တယ်။ သူတို့စာရင်းနဲ့ကိုက်တဲ့သူတွေထဲက သက်ကြီးပိုင်းတွေတော့ လွှတ်ပေးတယ်။ လူငယ်တွေကိုတော့ ဖမ်းထားတုန်းပဲ။”

ရန်ကုန်ကနေ လာရောက်သူတွေကို စစ်ကောင်စီဘက်က အခုလို ဖမ်းဆီးစစ်ဆေးတာဟာ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးမှ ပြုလုပ်တာဖြစ်ပြီး လူငယ်တွေကို အဓိက ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိနဲ့ စစ်မှုထမ်းဥပဒေ အကျုံးဝင်အောင် ရခိုင်မှာလုပ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ရန်ကုန်ကနေ ကျောက်ဖြူမြို့ကို ပြန်လာတဲ့ ခရီးသည် ၆၀ ကျော်ကို ကျောက်ဖြူလေဆိပ်ကနေ ရမ္မာဝတီမြို့တော်ခန်းမထဲကို စစ်ဆေးဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး လူငယ်အများစုကို လက်ရှိအချိန်ထိ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း ရခိုင်ကနေ ရန်ကုန်ကို အလုပ်လုပ်ဖို့နဲ့ ပညာသင်ဖို့ ရောက်နေတဲ့ ရခိုင်လူငယ်အများစုဟာ ရခိုင်ပြည်နယ်ကို လေကြောင်းကနေ ပြန်လာကြတာ ဖြစ်ပြီး စစ်ကောင်စီဘက်က အခွင့်အရေးယူပြီး လေဆိပ်ရှိတဲ့ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့မှာ စောင့်ဆိုင်းဖမ်းဆီးနေတာဖြစ်ပါတယ်။

ရခိုင်ဒေသတွင်း တိုက်ပွဲတွေပြင်းထန်မှုနဲ့အတူ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ လူမျိုးရေးပဋိပက္ခအသွင်ဖြစ်အောင် ဝါဒဖြန့်နေပြီး အွန်လိုင်းပေါ်ကနေလည်း ရခိုင်လူမျိုးတွေပိုင်ဆိုင်တဲ့ စီးပွားရေးနဲ့ ကုန်ပစ္စည်းတွေကို မသုံးစွဲဖို့ စစ်ကောင်စီလော်ဘီတွေကနေ ဝါဒဖြန့်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024