DVB Logo
Home
မြန်မာသတင်း
တောင်းတပ်ရွာတွင် PNA က တပ်သားအဓမ္မခေါ်ယူ၊ မဝင်လျှင် ၁ ဦးကို ငွေ ၇ သိန်းပေးရ
DVB
·
February 19, 2024
တောင်းတပ်ရွာတွင် PNA က တပ်သားအဓမ္မခေါ်ယူ၊ မဝင်လျှင် ၁ ဦးကို ငွေ ၇ သိန်းပေးရ
Donate to DVB

တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်အတွင်း တောင်းတပ်ကျေးရွာက လူငယ်တွေကို စစ်ကောင်စီလက် အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA) က တပ်ထဲဝင်ဖို့ အတင်းအဓမ္မ ခေါ်ယူနေပြီး တပ်ထဲမဝင်လိုပါက တဦးကို ငွေ ၇ သိန်း လျော်ရတယ်လို့ ရွာခံတွေက ပြောပါတယ်။

အသက် ၁၈ ပြည့်ပြီး လူငယ်တွေအပါအဝင် သက်လတ်ပိုင်း အမျိုးသားတွေကိုပါ ခေါ်ယူဖို့အတွက် ရွာသူကြီးနဲ့ အစည်းအဝေးလုပ်ပြီး ငွေကောက်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့အိမ်မှာ ကျနော့်အဖေရယ်၊ ကျနော်အတွက်ရယ်ကို ငွေ ၁၄ သိန်းပေးရတယ်၊ အိမ်တအိမ်မှာ ယောကျ်ား ၄ ယောက်ရှိရင် ၄ ယောက်စာလုံးပေးရတယ်။ အမေက ငိုပြီးတော့ကို ပိုက်ဆံပဲပေးဖို့ ပြောနေတာ။ ပိုက်ဆံပေးပြီး ထပ်မခေါ်ရင်တော်ပြီဗျာ၊ ငွေ ၇ သိန်းက အလျော်တောင်းတာတဲ့၊ သူတို့လုံခြုံရေး ယူပေးခဲ့လို့တဲ့ဗျာ” လို့ တောင်းတပ်ကျေးရွာသားတဦးက ပြောပါတယ်။

စစ်အသုံးစရိတ်အတွက် ငွေ ၇ သိန်းပေးပြီးဖြစ်ပေမဲ့ PNA တပ်ရဲ့ စကားကို အယုံအကြည်မရှိတဲ့အတွက် လူငယ်အများစု ရွာမှာမနေရဲဘဲ တောင်ကြီးနဲ့ တာချီလိတ်၊ ထိုင်းနိုင်ငံတွေအထိ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ကျေးရွာကော်မတီဝင်တဦးက “စာရင်းလာကောက်တာပေါ့။ ဘယ်အိမ်မှာ ဘယ်သူက စစ်သားလုပ် ရမယ်ဆိုတာကို လာပြောတယ်။ သူတို့ကတော့ အမျိုးသားရေးမို့ ပူးပေါင်းပါဝင်ဖို့ ပြောတာပေါ့။ ကျနော့်သား အရွယ်ကလေးတွေကို အဲ့လိုမျိုးကြီး လက်လွတ်စပယ် ထည့်ပေးဖို့ကလည်း မဖြစ်ဘူးလေ။ ဒါပေမယ့် လူက စစ်တပ်မဝင်ချင်ရင် ငွေပေးလို့ရတဲ့ အခြေအနေဆိုတော့ ရွာသားတွေအတွက် ရွေးချယ်စရာရှိတာပေါ့။ ပိုက်ဆံ မရှိတဲ့ လူငယ်တွေကတော့ ပြေးပေါ့” လို့ ပြောပါတယ်။

တောင်းတပ်ကျေးရွာအပြင် အနီးက ရွာ ၅ ရွာမှာလည်း အလားတူ စစ်သားစုဆောင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ရွာခံတွေက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် ဒီနေ့မနက်အစောပိုင်းမှာလည်း ဆီဆိုင်မြို့ အရှေ့ဘက် ဝါးတောကျေးရွာအနီးမှာ  လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲတဲ့အတွက် လူ ၆ ဦး သေဆုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013