DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းတွင် ကျဆုံးစစ်သည်များ၏ အေးခဲသုတ်ပိုးဖြင့် ကလေးယူခွင့်ပြုမည်
DVB
·
February 19, 2024
ယူကရိန်းတွင် ကျဆုံးစစ်သည်များ၏ အေးခဲသုတ်ပိုးဖြင့် ကလေးယူခွင့်ပြုမည်
Donate to DVB

ယူကရိန်းနိုင်ငံမှာ ကျဆုံးစစ်သည်တော်တွေရဲ့ အေးခဲထားတဲ့ သုတ်ပိုး ဒါမှမဟုတ် မမျိုးဥကနေ ကလေးယူခွင့်ပြုဖို့ ဥပဒေကြမ်းတရပ်ကို လွှတ်တော်က အတည်ပြုခဲ့ပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက လက်မှတ်ထိုးလိုက်တာနဲ့ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

ဒီလို မွေးဖို့လိုအပ်တဲ့ ထောက်ပံ့မှုတွေကိုလည်း နိုင်ငံက ပေးသွားမှာဖြစ်ပါတယ်။ သုတ်ပိုး ဒါမှမဟုတ် မျိုးဥကို အေးခဲထားပြီး နောင်မှ ကလေးမွေးတာဟာ မထူးဆန်းပေမဲ့  အရင်ဥပဒေအရ ခင်ပွန်း ဒါမှမဟုတ် ဇနီး ကွယ်လွန်သွားတဲ့အခါ သေသူက ကြိုတင်ခွင့်ပြုချက် ရေးပေးထားခဲ့ရင်တောင် အဲဒီအေးခဲထားတဲ့ဟာကို သုံးပြီး မျိုးဆက်ယူခွင့် မရှိပါဘူး။ ယူရင်လည်း သေသူရဲ့အမည်ကို ဖခင် သို့မဟုတ် မိခင်နေရာမှာ ဖော်ပြခွင့်မရှိဘဲ သုတ်ပိုးအလှူခံပြီး မွေးတဲ့ကလေးလို သဘောထားရမှာ ဖြစ်ပါတယ်။

စစ်သည်တော်တွေအတွက် အခုပြင်ပေးလိုက်တဲ့ ဥပဒေအရဆိုရင်တော့ စစ်သည်တော်တွေရဲ့ အေးခဲသုတ်ပိုး ဒါမှမဟုတ် မျိုးဥကို နိုင်ငံတော်က သုံးနှစ်အထိ အကုန်အကျခံ ထိန်းသိမ်းပေးထားမှာဖြစ်ပြီး မွေးလာတဲ့ကလေးကိုလည်း ဘယ်သူဘယ်ဝါသားသမီးဆိုတာ အတိအလင်း ဖော်ပြခွင့်ရမှာ ဖြစ်ပါတယ်။ ကနဦးအေးခဲတဲ့ ကုန်ကျစရိတ်ကိုလည်း ပေးမှာဖြစ်ပါတယ်။

သံမဏိဆိုတဲ့ အမည်ဝှက်ကို ပြောပြတဲ့ ယူကရိန်းစစ်သည်တော်က  “ခင်ဗျားက စစ်သားကောင်း၊ ယူကရိန်းမြေရဲ့ သားကောင်းရတနာ၊ သမီးကောင်းရတနာ ဆိုတာ သက်သေပြနိုင်ခဲ့သူဆိုရင် ခင်ဗျားမျိုးဆက်ကို ချန်ထားခဲ့နိုင်ရမှာပေါ့” လို့ CNN သတင်းဌာနကို ပြောပါတယ်။

ယူကရိန်းစစ်ပွဲမှာ စစ်သည်တော် ၇၀၀၀၀ လောက် ကျဆုံးခဲ့ရပြီးဖြစ်သလို အမျိုးသမီးစစ်သည်တော်တွေပါ ရှေ့တန်းထွက်တိုက်နေရတာ ဖြစ်တဲ့အတွက် ခင်ပွန်း ဒါမှမဟုတ် ဇနီးသည် ကျဆုံးသွားရင်တောင် သူတို့နှစ်ဦးရဲ့ မျိုးဆက် ဆက်ရှိပိုင်ခွင့် ရှိသင့်တယ်လို့ တောင်းဆိုလာကြတာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ယူကရိန်းစစ်သမီး မာရီယာကလည်း ဥပဒေပြဋ္ဌာန်းပြီးရင် ဒုတိယကလေးယူဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

သူရော သူ့ခင်ပွန်းပါ တိုက်ပွဲဝင်နေကြတာဖြစ်ပြီး ဘယ်သူပဲကျကျ၊ မျိုးဆက်သစ်ကျန်ရစ်ဖို့ မျှော်လင့်နေတာပါ။

“ဒါက အမှတ်တရပါ။ တိုင်းပြည်ကိုကာကွယ်တဲ့ ကျဆုံးသူရဲကောင်းတွေကို ဂုဏ်ပြုတာပါ။ သူတို့ဟာ သူတို့ကလေးတွေအဖြစ် ပြန်မွေးဖွားပိုင်ခွင့် ရှိပါတယ်” လို့ မာရီယာက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013