ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြို့ရှောင်လမ်းမှာ ဖေဖော်ဝါရီ ၁၉ ရက်က ကရင်ဇာတ်အဖွဲ့ကားတစီး ရေမရှိတဲ့ချောင်းထဲ တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံထံက သိရပါတယ်။
ဘားအံမြို့ မြို့ရှောင်လမ်းမှာ ခလောက်နုဘက်ကနေ သံလွင်တံတားဘက် သွားနေတဲ့ ဇာတ်အဖွဲ့ကားဟာ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၀ နာရီလောက်က တောင်ကုန်းပေါ်က အဆင်းမှာ ရေမရှိတဲ့ချောင်းထဲ တိမ်းမှောက်ခဲ့တာပါ။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၆ ဦးထဲက အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား၊ အမျိုးသမီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံအသင်း တာဝန်ရှိသူတဦးက “ဘားအံမြို့ရှောင်လမ်း ခလောက်နုဘက်ကနေ သံလွင်တံတားဘက်ကိုအသွား တောင်ကုန်းပေါ်တက်ပြီး အဆင်း ၂၅ ပေေလာက်နက်တဲ့ ချောက်ထဲကျသွားတာ။ ကားမှောက်ပြီး ဖြစ်ဖြစ်ချင်း အမျိုးသမီးတဦး သေဆုံးတယ်။ ဆေးရုံရောက်တော့ တဦးထပ်သေတယ်။ ကားပါ်ပါလာတဲ့သူတွေထဲက ၅ ဦးက စိုးရိမ်ရတယ်။ နောက်ထပ် ၄ ဦးက ဒဏ်ရာများပေမဲ့ မစိုးရိမ်ရဘူး။ တဦးကတော့ ပွန်းပဲ့ဒဏ်ရာပဲရတယ်” လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံနဲ့ တခြားမိတ်ဘက်အဖွဲ့အစည်းတွေက ဘားအံပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။