DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်တွင် လက်နက်ကြီးထိမှန်ပြီး စစ်ရှောင် ၆ ဦးသေဆုံး၊ စစ်ကြောင်းထိုးနေသဖြင့် ရေဦးဒေသခံ ၁၅၀၀၀ ကျော် တိမ်းရှောင်နေရ
DVB
·
February 19, 2024
ဆီဆိုင်တွင် လက်နက်ကြီးထိမှန်ပြီး စစ်ရှောင် ၆ ဦးသေဆုံး၊ စစ်ကြောင်းထိုးနေသဖြင့် ရေဦးဒေသခံ ၁၅၀၀၀ ကျော် တိမ်းရှောင်နေရ
1 / 2
Donate to DVB

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အတွင်း ပစ္စည်းပြန်သယ်တဲ့ စစ်ဘေးရှောင် ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ ဖေဖော်ဝါရီ ၁၈ ရက် ညက ပြန်လာကြတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ ရက် မနက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ထိမှန်ပြီး သေဆုံးရတာလို့ ဆိုပါတယ်။

“ဆီဆိုင် ဘုရားဖြူကလူတွေ ဖြစ်ပါတယ်။ အများကြီးလည်း ဒဏ်ရာရတယ်။ လိုင်းပေါ် တရက် ပစ္စည်းပြန်ယူခွင့်ရတယ်ဆိုတဲ့ သတင်းတွေ့လို့ အစုလိုက်ပြန်ကြတာ။ ဒီမနက်တော့ လက်နက်ကြီးထိတယ်။”

စစ်ကောင်စီက လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒဏ်ရာရသူတချို့ကိုလည်း ခေါ်ထုတ်တာ မရသေးဘူးလို့ ဆိုပါတယ်။

“မမှန်တဲ့သတင်းဆို မတင်စေချင်ဘူး။ သတင်းအမှားတွေကို တင်ပြီး ဘယ်သူတွေ ဒုက္ခရောက်လဲ ပြည်သူတွေပဲ ဒုက္ခရောက်ရတယ်။ ခုလိုကြားရတော့ စိတ်မကောင်းဖြစ်ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် ညကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ထီတမ်ရွာနဲ့ ထမ်းယမ်ရွာကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ်တဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဆီဆိုင်မြို့မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာမို့ စစ်ဘေးရှောင်တွေ အိမ်ပြန်လာတာ၊ ပစ္စည်းပြန်သယ်တာ မပြုလုပ်ဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) က ထုတ်ပြန် သတိပေးထားပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ ၁၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရေဦးဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက် ညနေကစပြီး ရေဦးနဲ့ တန့်ဆည်မြို့နယ်အစပ် ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံ ၁၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဒေသခံတွေဟာ နီးစပ်ရာကျေးရွာတွေရဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ နေထိုင်နေကြရပြီး ရာသီဥတု အေးတဲ့အတွက် အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက်မှာလည်း ရေဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်အစပ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တဲအတွက် စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရှိရသေးပါ။

“ဒီစစ်ကြောင်းက တလခွဲကျော်ကြာပေါ့၊ ၃ မြို့နယ်ကို ပတ်ချာလှည့်ပြီး စစ်ကြောင်းထိုးနေတာ။ ပြည်သူစုစုပေါင်း ၁၅ ဦးအထိ သတ်ဖြတ်ခဲ့ပြီးပြီ ခင်ဦးနယ်က ကျေးရွာ၂ ရွာကိုလည်း မီးရှို့ခဲ့ပြီးပြီ။ ရေဦးနယ်မှာတော့ ကာကွယ်ရေးရဲဘော် အပါအဝင် ၃ ဦး အသတ်ခံရတယ်။ ခင်ဦးမှာဆိုရင် အရပ်သား ၇ ဦး ထပ်မနည်း အသတ်ခံရတယ်။ ဒီပဲယင်းမှာဆိုရင် ၅ ဦးထပ်မနည်းပေါ့။ တန့်ဆည်နဲ့ ရေဦးချုပ်စပ်မှာ တော်လှန်ရေး အင်အားစုဘက်က တိုက်ပွဲဖော်ဆောင်နိုင်တာပေါ့ ရလဒ်ကတော့ကောင်းတယ်” လို့ People’s Defense Comrade တာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား) က ပြောပါတယ်။

အခုစစ်ကြောင်းဟာ ဇန်နဝါရီလ အစောပိုင်းကတည်းက ခင်ဦး၊ ရေဦး၊ ဒီပဲယင်းမြို့နယ်တွေကို လှည့်လည်စစ်ကြောင်းထိုးနေတဲ့ ခမရ-၇၀၈ နဲ့ ခလရ-၇၁  ပူးပေါင်းထားတဲ့ ဘီလူးစစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013