DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကို ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်မည်
DVB
·
February 19, 2024
စစ်မှုထမ်းဥပဒေကို ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်မည်
Donate to DVB

ပြည်သူလူထုရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်လှုပ်ရှားမှုအဖြစ် နိုင်ငံတကာရောက်မြန်မာတွေနဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိနေပါတယ်။

နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ ဒီကြေညာချက်ဟာ သန်းနဲ့ချီတဲ့လူငယ်တွေနဲ့မိသားစုဝင်တွေအပေါ်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ပွားစေခဲ့ပါတယ်။ 

ကြေညာချက်ထုတ်ပြန်ပြီး နောက်တရက်မှာပဲ လူငယ်တချို့ ဖမ်းဆီးခံရတာ၊ ပေါ်တာဆွဲခံရတာတွေ ဖြစ်ပေါ်ခဲ့ပြီး အင်တာနက်စာမျက်နှာပေါ်မှာလည်း လူပျောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ 

GSCB အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုမှ ခရစ္စတင်းက “ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်သွားမယ်ဆိုတာကို သဘောထားကြ ထားပါတယ်။ နောက်တခုကတော့ မတ်လ ၁ လလုံးကို လှုပ်ရှားမှုလအဖြစ်နဲ့ သတ်မှတ်ပြီးတော့မှ သက်ဆိုင်ရာနိုင်ငံတွေက ရက်သတ္တပတ်လိုက်ပေါ့နော်။ သူတို့ အဆင်ပြေတဲ့ရက်မှာ လှုပ်ရှားမှုလုပ်ဖို့ ဆိုတဲ့ဟာရယ် လှုပ်ရှားမှုလုပ်တဲ့အခါမှာ အပတ်တိုင်းကို Target တခု ထားပေးထားဖို့ဆိုတဲ့ဟာ ဆွေးနွေးသွားတာရှိတယ်။ ဒီအတွက်ကို Action Plan အသေးစိတ်ကို ပြန်ပြီးတော့မှ တွေ့ဆုံဆွေးနွေးကြတာလုပ်ပါမယ်" လို့ ပြောပါတယ်။

စစ်ကောင်စီက မြေပြင်မှာ သန်းခေါင်စာရင်း ကောက်ယူတာအပြင် လူငယ်တွေရဲ့ သတင်းအချက်အလက်တွေကိုပါ ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ အာဏာသိမ်းပြီးကတည်းက စုဆောင်းခဲ့တာပါ။ 

စစ်မှုထမ်းဥပဒေယန္တရား လည်ပတ်နိုင်အောင် မြေပြင်မှာ အကူအညီပေးနေသူတွေရဲ့ လှုပ်ရှားမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆီကို အချိန်နဲ့တပြေးညီ သတင်းပေးပို့ တိုင်ကြားနိုင်တယ်လို့ သမ္မတရုံးတာဝန်ရှိသူက  ပြောပါတယ်။

မတရားလုပ်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ ယန္တရားတွေပျက်ပြားအောင် NUGနဲ့ တိုင်းရင်းသားမဟာမိတ်တွေက ပြင်းပြင်းထန်ထန် ချေမှုန်းသွားမယ်လို့လည်း သမ္မတရုံးတာဝန်ရှိသူက ဦးကျော်ဇော်က ပြောပါတယ်။ 

“မတရားလုပ်ဖို့ ကြိုးစားနေတဲ့ ယန္တရားတွေပျက်ပြားအောင် ပြင်းပြင်းထန်ထန်ချေမှုန်းသွားမယ်။ တချိန်တည်းမှာပဲ အကူအညီလိုအပ်နေတဲ့ အရပ်သားပြည်သူတချို့ကိုလည်း ကူညီကာကွယ်ပေးဖို့လည်း လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ တိုင်းရင်းသားပြည်သူအားလုံးက တော်လှန်ရေးမှာ အရှိန်မြှင့်တင်ပါဝင်ကြဖို့ လိုပါတယ်။ သူတို့သတင်းတွေ စစ်ယန္တရားတွေရဲ့ လှုပ်ရှားနေတဲ့ သတင်းတွေကို အချိန်မီပေးပို့လို့လည်း ရတယ်။ အကြမ်းဖက်မှုတွေမှာ ပူးပေါင်းဆောင်ရွက်နေတဲ့သူတွေကိုလည်း အရေးယူဖို့အတွက် သတင်းပို့လို့ရတယ်။ NUG နဲ့ မဟာမိတ်တွေကလည်း အဓမ္မစစ်ထဲဝင်ဖို့ ကြိုးစားခံနေရတဲ့ ပြည်သူတွေကို တတ်နိုင်တဲ့ဘက်က လက်တွဲကူညီသွားမယ်၊ စောင့်ရှောက်သွားမယ်ဆိုတာ ပြောကြားချင်ပါတယ်။”

စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အရန်တပ်ဖွဲ့ဥပဒေ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အရန်တပ်ဖွဲ့ဥပဒေဟာလည်း ၂၀၁၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ဥပဒေဖြစ်ပြီး ဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

လူမှုသဟဇာတဖြစ်ရေးအဖွဲ့ (Synergy) မှ ကိုသက်ဆွေဝင်းက “တော်လှန်ရေး မတိုင်ခင်ကတည်းက ရှိလာခဲ့တဲ့ မဘသအင်အားစုတွေ၊ ဒါတွေဆိုလို့ရှိရင်လည်း စစ်မှုထမ်းဟောင်းတွေကပဲ ဦးဆောင်တယ်။ ဒါပေမဲ့ သူတို့က ပျူစောထီးအဆင့်လောက်မှာပဲ ထားဖို့ မဟုတ်တော့ဘဲနဲ့ တပ်ရဲ့အောက်မှာ တိုက်ရိုက်ကွပ်ကဲဖို့အတွက် သူတို့လုပ်လာခဲ့တဲ့ ဟာမျိုးတွေ စစ်မှုထမ်းဟောင်းတွေ အကုန်လုံးကို ပြန်ပြီးပါလာအောင် လုပ်တဲ့ဟာမျိုး၊ သူတို့အတွက်က အင်အားမဖြစ်မနေ လိုအပ်နေတာကို ပြတယ်” လို့ ပြောပါတယ်။

နအဖအစိုးရက လိုအပ်ရင်ထုတ်သုံးဖို့ ပြင်ဆင်ခဲ့တဲ့ စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေတွေကို စစ်ကောင်စီက ဆက်တိုက်ထုတ်သုံးလာတာဖြစ်ပြီး ပြည်သူတွေဟာ ဒီဥပဒေတွေကြောင့် စိုးရိမ်တကြီးဖြစ်နေရပါတယ်။ 

မြို့ပြက တချို့လူငယ်တွေဟာ အသက် ၁၈ နှစ်မပြည့်သေးပေမယ့် စစ်ကောင်စီက အချိန်မရွေး ဖမ်းဆီးခေါ်ဆောင်ခိုင်းစေတာတွေ ခံရနိုင်ခြေရှိနေတဲ့အတွက် မိဘတွေနဲ့ မိသားစုတွေက သားသမီးတွေအတွက် ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာကို ဝေခွဲမရနိုင်ဖြစ်နေတာပါ။

NUGလူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးက "နိုင်ငံတကာအနေနဲ့ ဦးစားပေးရ မယ့် လုပ်ငန်းစဉ်တွေက ကမ္ဘာနဲ့ချီ ရှိနေတဲ့အခါကျတော့ ကျနော်တို့ကိစ္စရပ်က အခါအားလျော်စွာ ဦးစားပေး အနေအထားမှာမရှိတော့တဲ့ အခြေအနေမှာရှိတယ်ပေါ့။ ဒါပေမဲ့ ဒီလိုမြေပြင်မှာ ဖြစ်နေတဲ့ဟာတွေကို အချိန်နဲ့တပြေးညီ ကမ္ဘာကသိအောင် ကျနော်တို့က လုပ်ဖို့လိုတာက ပြည်သူလူထုတွေ မီဒီယာတွေ တက်ကြွလှုပ်ရှားသူတွေ ကျနော်တို့အစိုးရလုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ တာဝန်လည်းဖြစ်တယ်ပေါ့။ ဆိုလိုချင်တဲ့သဘောက ကမ္ဘာက ဘာမှမလုပ်ရင်တောင်မှ ကမ္ဘာကသိနေတယ်၊ ကမ္ဘာကြီးက သိသိကြီးနဲ့ ဒါတွေဖြစ်နေတယ်ဆိုတဲ့ ပုံစံမျိုးကတော့ ကျနော်တို့ပြောလို့ရတာပေါ့၊ တချိန်တခါကျရင်ဆိုတဲ့ဟာ ရှိတယ်။ စစ်ကောင်စီရဲ့ မဆင်မခြင် ဥပဒေမဲ့လုပ်ရပ်တွေက နိုင်ငံရပ်ခြား အိမ်နီးချင်းနိုင်ငံတွေရဲ့အပေါ်မှာ သက်ရောက်မှုရှိနိုင်တယ်ဆိုတာ နိုင်ငံတကာက မြင်ဖို့လိုတယ်" လို့ ပြောပါတယ်။

အရန်တပ်ဖွဲ့ဝင် ဆင့်ခေါ်ရေး ဗဟိုအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တာဝန်ယူဆောင်ရွက်မှာဖြစ်ပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌက ဒုတိယဥက္ကဋ္ဌ (၁)၊ စစ်ရေးချုပ်က ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013