DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတမြို့လုံးကို ရေပေးဝေမည်ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြော
DVB
·
February 19, 2024
တောင်ကြီးတမြို့လုံးကို ရေပေးဝေမည်ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြော
Donate to DVB

နှစ်စဉ်နှစ်တိုင်း ရေရှားပါးမှုဒဏ် ခံနေရတဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်က ရပ်ကွက် ၂၂ ခုလုံးကို ရေပေးဝေသွားမယ်လို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အသိပေးထားတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

ရေရှားတဲ့ ကန်ကြီး၊ ကျောင်းကြီးစု၊ မြို့မ၊ ရွှေတောင်၊ စိန်ပန်း၊ ချမ်းသာ၊ ရွှေသူဌေးကုန်း၊ ညောင်ဖြူစခန်း၊ ညောင်ရွှေဟော်ကုန်း၊ ပြည်တော်သာ၊ ရတနာသီရိ၊ ဈေးပိုင်း၊ မြေဖြူနဲ့ မြို့စွန်ရပ်ကွက်တွေအထိ ရေပေးဝေနိုင်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ကျောင်းကြီးစုရပ်ကွက်မှာနေတဲ့ အမျိုးသမီးတစ်ဦးက “ရေတကားကို ၁၅၀၀၀ လောက်ရှိတယ်။ အဲ့တာတောင် မနေ့ကတည်းကဖုန်းဆက်ထားရတာ၊ ပြီးတော့ သောက်ရေသန့်ကလည်း သပ်သပ်ဝယ်သုံးရတယ်။ တောင်ပေါ်ဆိုတော့ ထုံးကျောက်တွေပါတယ်။ တပတ်မှာ ၃ ခါလောက်ကိုဝယ်ရတယ်၊ ဘုရားဖြူရပ်ကွက်မှာပဲ ရေပေါတာ ကျန်တာ ရေအရမ်းရှားတယ်၊ တနှစ်ပတ်လုံး ရေဝယ်သုံးရတယ်” လို့ ပြောပါ တယ်။

အခုလို ရေပေးဝေဖို့ စီစဉ်နေပေမယ့် အခမဲ့ စနစ်မဟုတ်ဘဲ ရေထည့်တဲ့အပေါ် မူတည်ပြီး ကုန်ကျစရိတ်ပေးရမှာ ဖြစ်တာကြောင့် ရေကားဝယ်သုံးရတာက ပိုအဆင်ပြေနိုင်တယ်လို့ မြို့ခံတွေကပြောပါတယ်။

တောင်ကြီးမြို့ပေါ်မှာ လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်တာနဲ့ ရေရှား တဲ့ရပ်ကွက်တွေအတွက် ရေဖြန့်ဖြူးနေတဲ့ ကားသမားတွေဟာ တနေ့မှာ ရေကား အစီး ၅၀ စာ ဖြန့်ဖြူးပေးနိုင်တယ်လို့ သိရပါတယ်။

ရေရောင်းချတဲ့ အမျိုးသားတဦးက “အများဆုံးကတော့ ကျောင်းကြီးစု၊ စိန်ပန်း၊ ရွှေတောင်၊ မြေဖြူ ဖက်က၊ မနက်အစောကြီး ၅ နာရီလောက်ကနေ ညနေပိုင်းအထိ တောက်လျှောက်ပို့ရတယ်၊ အခုသူတို့ ရေပေးမယ်ဆိုလည်း ကောင်းပါတယ်။ ပြည်သူတွေ သက်သာတာပေါ့၊ ကျနော်တို့လည်း စက်သုံးဆီဖိုးတွေ ဘာတွေနဲ့ဆိုတော့ နေရာအနီးအဝေးပေါ် မူတည်ပြီး ယူရတာပဲ၊ ကုန်းအရမ်းတက်ရတဲ့ နေရာဆိုရင်တော့ ၁၅၀၀၀ အထက်ယူပါတယ်” လို့ ပြောပါတယ်။

ရေရှားပါးတဲ့ တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက်ကစပြီး အန်အယ်လ်ဒီ အစိုးရလက်ထက်အထိ တမြို့လုံး ရေပေးဝေရေး အစီအစဉ်တွေ ရေးဆွဲခဲ့ကြပေမယ့် လက်ရှိ စစ်အာဏာသိမ်းပြီးကာလအထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။

တောင်ကြီးမြို့တွင်း ဂနိုင်ကန် အမှတ် ၁၊ ၂၊ ၃ အပါအဝင် ဘဲဥကန်၊ ရုရှားကန်တို့ကနေ နီးစပ်ရာ ရပ်ကွက်တွေကို ရေပေးဝေနေပေမဲ့ မိုးတွင်းကာလသာ အဆင်ပြေပြီး နွေရာသီနဲ့ ဆောင်းရာသီမှာ ရေခန်းခြောက်တာကြောင့် အဝီစိမတူးနိုင်တဲ့ အိမ်တွေက ရေကား ဝယ်သုံးနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013