DVB Logo
Home
မြန်မာသတင်း
တရုတ်ကြက်သွန်ဖြူ အဝင်နည်းသဖြင့် ရှမ်းပြည်နယ်က တောင်သူများ ဈေးကောင်းရ
DVB
·
February 19, 2024
တရုတ်ကြက်သွန်ဖြူ အဝင်နည်းသဖြင့် ရှမ်းပြည်နယ်က တောင်သူများ ဈေးကောင်းရ
Donate to DVB

ရှမ်းပြည်နယ်ရဲ့ အဓိကစိုက်ပျိုးသီးနှံတခုဖြစ်တဲ့ ကြက်သွန်ဖြူဟာ အခုနှစ်မှာ တရုတ်နိုင်ငံကနေ တရားမဝင် တင်သွင်းတာနည်းတဲ့အတွက် ပြည်တွင်းစိုက်တောင်သူတွေ ဈေးကောင်း ရရှိနေတယ်လို့ အောင်ပန်းကုန်စည်ဈေးကွက်ကနေ သိရပါတယ်။

မနှစ်က တပိဿာကို ကျပ် ၁၂,၀၀၀ အထိ ဈေးအမြင့်ဆုံးရရှိခဲ့ပေမဲ့ လက်ရှိဈေးက ဥတလုံးဖြူကြီး ကောင်းအဆင့်ကို တပိဿာကို  ကျပ် ၁၈,၀၀၀-၂၂,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိပြီး ဈေးပိုရနေပါတယ်။ တရုတ်က ကြူကုတ် တပိဿာကတော့ ၉၅၀၀ ကျပ်သာ ရှိပါတယ်။

အောင်ပန်းမြို့ ပွဲရုံတာဝန်ရှိသူတဦးက “လက်ရှိ ကြက်သွန်ဖြူကတော့ ဈေးတော်တော်လေးကောင်းတယ်လို့ ပြောလို့ရတယ်။ ထိုင်းဘက်က ကြိုက်တဲ့ ခရမ်းစွဲတွေက ထိုင်းဘက်ကနေ မစွဲသေးလို့ ဈေးက အဲဒီလောက် မမြင့်သေးဘူး။ ထိုင်းကို ပို့တယ်ဆိုတာကလည်း တာချီလိတ်ထိပဲ ပို့တာပါ၊ ကျန်တာကတော့ ထိုင်းက ကုန်သည်တွေက ဟိုင်းလပ်ကားတွေနဲ့ လာသယ်ပြီး ကုန်သွယ်ကြတာပါ” လို့ ပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ် မိုင်းပန်၊ လဲချားဒေသကနေ ထွက်တဲ့ ခရမ်းစွဲကြက်သွန်ဖြူမှာ အရည်အသွေး ကောင်းမွန်ပြီး ထိုင်းကုန်သည်တွေ ကြိုက်နှစ်သက်တဲ့အတွက် ထိုင်းကို အဓိက တင်ပို့ကြပါတယ်။

တောင်ကြီးမြို့နယ် နောင်ကားမှာရှိတဲ့ ကြက်သွန်စိုက်တောင်သူတဦးက “အရင်နှစ်တွေဆို တရုတ်က ဥကြီးတွေ အများကြီး ဝင်တော့ ကျမတို့ စိုက်တဲ့ဒေသမျိုး အသေးတွေက ဈေးမရှိဘူး၊ မယှဉ်နိုင်ဘူးပေါ့။ ဟိုဘက်က ကျမတို့ထက် ထွက်ရှိချိန်စောတယ်၊ ပြီးတော့ ဥကြီးတယ်၊ ဈေးလည်းချိုတယ်။ ဒါတွေက ယှဉ်လို့မရဘူး။ အခုနှစ်ကျတော့ နယ်စပ်မှာ တိုက်ပွဲတွေ ဘာတွေဖြစ်လို့ ကြက်သွန်တွေ သိပ်မဝင်ဘူး။ ကျမတို့ ဈေးကောင်းရတယ်” လို့ ပြောပါတယ်။

ပြည်တွင်းတွင် ကြက်သွန်ဖြူအသစ် ပေါ်ချိန်ဖြစ်လို့ ရှမ်းပြည်နယ်အစိုးရအနေနဲ့ တရုတ်နိုင်ငံဘက်ကနေ တရားမဝင် ကြက်သွန်ဖြူတွေ တင်သွင်းလာတာကို ထိန်းကျောင်းပေးဖို့နဲ့ ဈေးကွက်သစ်ရှာပေးဖို့ လိုအပ်တယ်လို့ တောင်ကြီးမြို့ရှိ ကုန်သည်တွေကလည်း တောင်းဆိုထားပါတယ်။

ကြက်သွန်ဖြူကို အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီနဲ့ မတ်လတို့မှာ ထွက်ရှိပါတယ်။ နှစ်စဉ် တာချီလိတ် ကုန်သွယ်ရေးစခန်းကနေတဆင့် တန်ချိန် ၃၀,၀၀၀ လောက် တင်ပို့ရောင်းချနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013