DVB Logo
Home
မြန်မာသတင်း
ပြည်သူ့စစ်မှုထမ်းဥပဒေအား နည်းပေါင်းစုံဖြင့်ဆန့်ကျင်ကြရန် KNU တိုက်တွန်း
DVB
·
February 19, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေအား နည်းပေါင်းစုံဖြင့်ဆန့်ကျင်ကြရန် KNU တိုက်တွန်း
Donate to DVB

မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ခေတ်နဲ့လျှော်ညီတဲ့ တီထွင်ဖန်တီးနိုင်ံတဲ့ စွမ်းပကားတွေကို အသုံးချပြီးတော့ တရားမဝင် စစ်ကောင်စီရဲ့ လုပ်ရပ်အားလုံးကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားကြဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုက တိုက်တွန်း လိုက်ပါတယ်။

မကြာသေးခင်ကမှ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ “ပြည်သူ့စစ်မှုထမ်းဥပဒေ” နဲ့ပတ်သက်ပြီးတော့ သဘောထားထုတ်ပြန်လိုက်တာဖြစ်ပြီး ကေအန်ယူအနေနဲ့လည်း သက်ဆိုင်ရာ ကဏ္ဍတွေကနေ တတ်စွမ်းသမျှ ပံ့ပိုးကူညီ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့တာဖြစ်ပြီး ဒီကြေညာချက် ထွက်လာပြီးနောက် လူငယ်တွေနဲ့ မိဘတွေဟာ ဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေကြောင့် စိုးရိမ်တကြီး ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မြေပြင်မှာ သန်းခေါင်စာရင်း ကောက်ယူတာအပြင် လူငယ်တွေရဲ့ သတင်းအချက်အလက်တွေကိုပါ ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ အာဏာသိမ်းပြီးကတည်းက စုဆောင်းခဲ့တာပါ။

စစ်မှုထမ်းဥပဒေအရ အရပ်ဘက်ဆိုင်ရာ အမျိုးသားတွေဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အသက်အရွယ်ရှိသူတွေ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အသိပညာ အတတ်ပညာ တခုခု တတ်မြောက်ကျွမ်းကျင်သူတွေလို့ သတ်မှတ်ထားတဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ ဒါမှမဟုတ် တခြား အတတ်ပညာ တရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူတွေကတော့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ပါရှိပါတယ်။

သာမန်လူတွေအတွက် စစ်မှုထမ်းရမယ့်အချိန်ကို ၂ နှစ် သတ်မှတ်ထားပေမဲ့ ကျွမ်းကျင်အဆင့် ဆိုရင်တော့ နိုင်ငံအရေးပေါ်အခြေအနေဆိုရင် ၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

လတ်တလော ကေအန်ယူရဲ့ သဘောထားထုတ်ပြန်ချက်မှာတော့ ဂုဏ်သိက္ခာရှိတဲ့ ဆန္ဒအလျောက် ပါဝင်သင့်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေလိုမျိုး ဥပဒေတွေကို အသက်ဝင်ကြောင်း အတည်ပြု သတ်မှတ်ထုတ်ပြန်ဖို့အတွက် စစ်ကောင်စီမှာ တရားဝင်မှု မရှိကြောင်းနဲ့ ဒီဥပဒေဟာ တနိုင်ငံလုံးကို စစ်နွံအတွင်း နက်ရှိုင်းစွာ ကျရောက်စေဖို့ လုပ်ဆောင်တဲ့လုပ်ရပ် ဖြစ်သလို စစ်အာဏာ သက်ဆိုးရှည်စေတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ဆန့်ကျင် ကန့်ကွက်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ မျိုးဆက်သစ်လူငယ်တွေနဲ့ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးက စစ်ကောင်စီ မတရားထုတ်ပြန်ထားတဲ့ ဥပဒေအကောင်အထည်ဖော်မှု လုပ်ငန်းမှာ မပါဝင်တာ၊ နိုင်ငံရေးအန်တုမှု လုပ်ငန်းတွေနဲ့ ဆန့်ကျင်တာ၊ တော်လှန်ရေး အဖွဲ့အစည်းတွေမှာ  ပါဝင်ပူးပေါင်းဆောင်ရွက်တာ၊ အချင်းချင်း အကာအကွယ်ပေးတဲ့ လုပ်ငန်းတွေအပါဝင် နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်တဲ့ ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပူးပေါင်း လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီလိုတရားမဝင်ဥပဒေတွေနဲ့ စစ်ကောင်စီက လူငယ်မျိုးဆက်နဲ့ လုပ်သားအရင်းအမြစ် မျိုးဆက်တခုကို အတင်းအကြပ် တပ်သားသစ် စုဆောင်းပြီး စစ်ပွဲနွံအတွင်း ဆွဲသွင်းတာကို ပြည်သူလူထုက လိုက်နာဖို့ မလိုအပ်ကြောင်းနဲ့ စစ်ကောင်စီနဲ့ အလိုပါ လုပ်ဆောင်သူတွေ အားလုံးအနေနဲ့ ဒီဥပဒေ အကောင်အထည်ဖော်ခြင်းအတွက် ဖြစ် ပေါ်လာမယ့် နောက်ဆက်တွဲ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေကို တာဝန်ယူ တာဝန်ခံရမယ်လို့လည်း ကေအန်ယူက ပြောပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ကလည်း စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြည်သူလူထုတွေအနေနဲ့  လုံးဝ လိုက်နာစရာ မလိုတဲ့အကြောင်း  ထုတ်ပြန်ထားသလို ဒီဥပဒေကို တရားမဝင်အသက်သွင်းခြင်းကြောင့် ပြည်သူလူထု ကြုံတွေ့လာတဲ့ ဘေးဒုက္ခတွေ လျော့နည်းစေဖို့ NUG အနေနဲ့ မဟာမိတ် အဖွဲ့အစည်းတွေနဲ့  ပူးပေါင်းပြီး လိုအပ်တဲ့ ကာကွယ်မှု၊ ကူညီပံ့ပိုးမှုတွေလုပ်သွားမယ်လို့ ပြောထားပါတယ်။

နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်ပွဲအတွင်း ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အဓမ္မစေခိုင်းနိုင်ဖို့နဲ့ ပြည်သူ့အသက် အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်ပြီး စစ်အုပ်စုရဲ့ အကျိုးစီးပွားအာဏာကို အကာအကွယ်ရယူဖို့ အခုလို လုပ်ဆောင်တာလို့ ပြောထားပြီး ဒီဥပဒေကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုတဲ့ လူပုဂ္ဂိုလ်မှန်သမျှနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်ကို စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ကာ ပြင်းထန်ထိရောက်စွာ အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013