DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုသမ္မတ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို လူသိန်းချီဆန္ဒပြ
DVB
·
February 19, 2024
မက္ကဆီကိုသမ္မတ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို လူသိန်းချီဆန္ဒပြ
Donate to DVB

မက္ကဆီကိုသမ္မတ အန်ဒရေစ် မန်နျူရယ်လိုပက်စ်ဇ် အိုဘရာဒေါရဲ့ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်တယ်ဆိုပြီး သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

သမ္မတသက်တမ်း ငါးနှစ်တာအတွင်း လိုပက်ဇ်အိုဘရာဒေါဟာ နိုင်ငံတော်အဖွဲ့အစည်း အများအပြားရဲ့ ဘတ်ဂျက်ကို လျှော့ချပစ်ခဲ့သလို မကြာသေးမီက ရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့ (INE) ဘုတ်အဖွဲ့ဝင်တွေနဲ့ တရားရုံးချုပ် တရားသူကြီးတွေကို တိုက်ရိုက် ရွေးကောက်တင်မြှောက်ဖို့ အဆိုပြုထားပါတယ်။

သူ့အစီအစဉ်တွေဟာ ငွေကုန်ကြေးကျ သက်သာစေမှာဖြစ်သလို အာဏာပိုင်တွေကို ပိုပြီး ပွင့်လင်းမြင်သာမှု ရှိစေမယ်လို့ ဆိုပါတယ်။

အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ပညာရှင်တွေနဲ့ အတိုက်အခံတွေကတော့ ဒီအဆိုပြုချက်တွေဟာ နိုင်ငံတော်အဖွဲ့အစည်းတွေရဲ့ အပြန်အလှန် ထိန်းကျောင်းမှုကို ထိခိုက်စေတယ်လို့ သုံးသပ်ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ လူအုပ်ကြီးဟာ ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့ (INE) ရဲ့ အရောင်ဖြစ်တဲ့ ပန်းရောင်ဝတ်စုံတွေ ဝတ်ဆင်ပြီး မက္ကဆီကိုစီးတီးမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

INE ဥက္ကဋ္ဌဟောင်း လိုရန်ဇိုကော်ဒိုဗာက“ဒီမိုကရေစီလှေကားကို တည်ဆောက်ဖို့ ကျုပ်တို့တွေ အနှစ်လေးဆယ်ကျော် အားထုတ်ခဲ့ရတယ်။ ဒီကနေ့မှာတော့ အာဏာရှိတဲ့နေရာကနေ တခြား ဘယ်သူမှ မတက်နိုင်အောင် လှေကားကို ဖျက်ချချင်နေကြပြီ”လို့ မက္ကဆီကိုစီးတီးရင်ပြင်မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ မိန့်ခွန်းပြောပါတယ်။

ဇွန်လကျရင် မက္ကဆီကိုမှာ သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။ မက္ကဆီကို အခြေခံဥပဒေအရ သမ္မတဟာ သက်တမ်းတကြိမ်သာ ထမ်းဆောင်ခွင့်ရှိပါတယ်။

လက်ရှိသမ္မတ လိုပက်ဇ်အိုဘရာဒေါ နေရာဆက်ခံပြီး လက်ရှိအာဏာရ မိုရီနာပါတီက ဝင်ပြိုင်မယ့် ကလောဒီယာ ရှိန်းဘောင်းမ်ဟာ ပြိုင်ဘက် ဆိုချစ်လ် ဂဲလ်ဗက်ဇ်ထက် ရာခိုင်နှုန်းအနည်းငယ် အသာရနေတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

မိုရီနာပါတီကလည်း လွှတ်တော်မှာ အပြတ်အသတ်နိုင်မယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

လိုပက်ဇ်အိုဘရာဒေါရဲ့ မိုရီနာပါတီဟာ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးမှု၊ လူမှုဖူလုံရေး အစီအစဉ်တွေကြောင့် လူကြိုက်များနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မက္ကဆီကိုမှာ အနှစ် ၇၀ လောက် တပါတီစနစ် လွှမ်းမိုးခဲ့သလိုမျိုး အာဏာရှင်ဆန်တဲ့ အုပ်စိုးမှုပုံစံ၊ အပြန်အလှန် ထိန်းကျောင်းမှုမရှိတဲ့ ပုံစံမျိုး ပြန်သွားဖို့ ကြိုးပမ်းနေတယ်လို့ အတိုက်အခံတွေက ဝေဖန်ထားကြပါတယ်။

ရွေးကောက်ပွဲမဲဆွယ်မှုတွေဟာလည်း တရားမျှတမှုမရှိဘဲ မိုရီနိုပါတီဟာ အစိုးရ ရင်းမြစ်တွေနဲ့ သမ္မတရဲ့ မနက်ခင်း သတင်းစာရှင်းလင်းပွဲကို မဲဆွယ်ဖို့ အသုံးချနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013