DVB Logo
Home
နိုင်ငံတကာ
အကျဉ်းထောင်မှ ပြန်လွတ်လာသည့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် နောက်ထပ်အမှုရင်ဆိုင်
DVB
·
February 19, 2024
အကျဉ်းထောင်မှ ပြန်လွတ်လာသည့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် နောက်ထပ်အမှုရင်ဆိုင်
Donate to DVB

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ကျခံနေရတဲ့ ပြစ်ဒဏ်စေ့သွားပြီဖြစ်တဲ့အတွက် ဖေဖော်ဝါရီ ၁၈ ရက်က  အကျဉ်းသားဘဝကနေ လွတ်မြောက်ပြီး သူ့ရဲ့ နေအိမ်ကို ပြန်ရောက်လာကာ သူ့အပေါ်စွဲထားတဲ့  နောက်ထပ် အမှုနဲ့  ရင်ဆိုင်နေရပါတယ်။

သူ ပြန်လွတ်တော့မယ်ဆိုတာကို ကြိုသိထားတဲ့ သတင်းထောက်တွေနဲ့ ထောက်ခံ အားပေးသူဟာ ဖေဖော်ဝါရီ ၁၈   ရက် မနက် ၅ နာရီလောက်ကတည်းက သူဆေးကုသခံယူခဲ့တဲ့ ရဲဆေးရုံရှေ့နဲ့ ဖရာ့လမ်း - ၁ လမ်းမှာရှိတဲ့ ကျန်ဆောင်လစံအိမ်ရှေ့မှာပါ စောင့်ဆိုင်းနေခဲ့ကြပါတယ်။ 

မနက် ၆ နာရီကျော်လောက်မှာ သမီး နှစ်ယောက်ဖြစ်တဲ့ ဖဲထောင်းထန်းနဲ့ ဖင်းထောင်းထားတို့ နှစ်ဦးဟာ မှန်လုံကားနဲ့ဖခင်ကို လာရောက်ကြိုဆိုခဲ့ပါတယ်။

အသက် ၇၄ နှစ် အရွယ် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ အပြင်လူတွေနဲ့ မတွေ့ဘဲ လည်ပင်းမှာ ပတ်တီးနဲ့ မျက်နှာဖုံး Mask တပ်ထားတဲ့ ကားထဲကပုံတွေကိုသာ သတင်းထောက်တွေက အပြင်ကနေ ရိုက်ယူခဲ့ပါတယ်။

သူ့ရဲ့ ကျန်ဆောင်အိမ်‌ရှေ့မှာတော့ သူ့မြေးတွေကိုယ်တိုင် ရေးထားတဲ့ “Tony , welcome home , we’ve been waiting for this day , Tasin for so so long”  စတဲ့စာသားပါ ကာတွန်းရုပ်ပိုစတာ ကပ်ထားပါတယ်။

ညနေပိုင်းမှာတော့ အဆိုပါဝတ်စုံနဲ့ အိမ်ရှေ့ရေကူးကန်နား ထိုင်နေတဲ့ပုံကို သမီးဖြစ်သူ ဖဲထောင်းထန်းက သူ့ရဲ့လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

အဆိုပါပုံနဲ့အတူ သူ့ရဲ့ ဖခင်ဟာ ရက်ပေါင်း ၁၈၀ နေမထိ လေမထိ နေထိုင်ခဲ့ရတယ်။ ၁၇ နှစ်ကြာ ခွဲခွာနေရတဲ့ ဒီအိမ်ကြီးကို ပြန်ရောက်လာပြီ။ ဒီနေ့ကိုရောက်ဖို့ အချိန်တွေအကြာကြီး စောင့်ဆိုင်းခဲ့ရတယ်လို့  ရေးသားထားပါတယ်။

ဝန်ကြီးချုပ်ဟောင်းနဲ့ မိသားစုဝင်တွေဟာ ဖေဖော်ဝါရီလ ၁၉ ရက်မနက်မှာ သံဃာတွေပင့်ပြီး ဆွမ်းလောင်းလှူမယ်လို့ သတင်းတွေထွက်ပေါ်တာကြောင့် သတင်းထောက်တွေကလည်း မနက်စောစောကတည်းက သွားရောက်စောင့်ဆိုင်းခဲ့ပြန်ပါတယ်။

ဒါပေမဲ့ အလှူလုပ်တာမရှိဘဲ သူပါတဲ့ကားလို့ ယူဆရတဲ့ကား တစီးဟာ အိမ်ထဲကနေ ထွက်ခွာလာခဲ့ပြီး မနက် ၁၀ နာရီကျော်မှာတော့ ဘီးတပ်ကုလားထိုင်နဲ့ ဗဟိုတရားရုံးမှာ ရောက်ရှိနေပါတယ်။

သက်ဆင်ဟာ အရင်ပြစ်ဒဏ်ဟောင်းတွေကနေ လွတ်မြောက်ခဲ့ပေမယ့် နိုင်ငံခြားမှာရှိနေစဉ် ထိုင်း တော်ဝင်ထီးနန်းရဲ့ ဂုဏ်သ‌ရေထိခိုက်စေမယ့် ပြောဆိုမှုတွေရှိခဲ့ကြောင့် ဘုရင့်သစ္စာစောင့်သိသူတွေက တိုင်ကြားထားတဲ့အတွက် နောက်ထပ် ပုဒ်မ ၁၁၂  နဲ့ စွဲဆိုခံနေရတာပါ။ 

တရားရုံးမှာ သူ့အားစွဲဆိုထားတဲ့အမှုကို သိရှိပါကြောင်း တရားသူကြီးထံလာရောက် သတင်းပို့ပြီး အာမခံနဲ့ ပြန်လွတ်လာပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဖွေ့ထိုင်းပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်မှာ လွန်ခဲ့တဲ့ ၁၈ နှစ်ကျော် ဝန်ကြီးချုပ်ဖြစ်ခဲ့စဉ် ရှပ်နီရှပ်ဝါ အဓိကရုဏ်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းတာ ခံခဲ့ရပါတယ်။

အဲဒီနောက် စစ်အစိုးရလက်အောက်ခံတရားရုံးက သူ့ကို ဘန်ကောက် ရာ့ချ်ဒါနယ်မြေက အများပိုင်မြေကွက်ကို ကိုယ်ပိုင်မြေအဖြစ် ဝယ်ယူမှုနဲ့ ထောင်ဒဏ် ၂ နှစ်၊ တရားမဝင် ၂ လုံး၊ ၃ လုံးတိုက်ထီပြဿနာ မဖြေရှင်းနိုင်မှုနဲ့ ထောင်ဒဏ် ၂ နှစ်၊ Exim Bank ကနေ မြန်မာနိုင်ငံကို ဘတ်သန်းပေါင်း ၄,၀၀၀ ချေးငှားမှုက ထောင်ဒဏ် ၃ နှစ်၊ ဆင်ကော်ပိုရေးရှင်းကုမ္ပဏီမှာ တပါးသူအမည်နဲ့ အစုရှယ်ယာပါဝင်မှု က ထောင်ဒဏ် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခဲ့ပါတယ်။

သူဟာ  တရားရင်ဆိုင်ခြင်းမရှိဘဲ ဝရမ်းပြေးဘဝနဲ့ နိုင်ငံခြားမှာ ၁၇ နှစ်နေခဲ့ရာက ပြီးခဲ့တဲ့နှစ်က ဖွေ့ထိုင်းပါတီဦးဆောင်အစိုးရဖြစ်လာတဲ့နောက် ဩဂုတ်  ၂၂ ရက်မှာ အမိမြေကိုပြန်လာ အ ဖမ်းခံခဲ့ပါတယ်။

တရားရုံးက ထောင်ဒဏ် ၈ နှစ်ထိ ပြန်လျော့ပေးလိုက်တဲ့အပြင် ထိုင်းဘုရင်ကြီးကလည်း  ထောင်ဒဏ် တနှစ်သာကျခံဖို့ အထူးလွတ်ငြိမ်းချမ်းသာခွင့်ပေး ခဲ့ပါတယ်။ 

ဒါတင်မကဘဲ သက်ကြီးရွယ်အိုနဲ့ နာမကျန်းအကျဉ်းသားများအခွင့်အရေးအရ ထောင်ဒဏ် တနှစ်ပင်မပြည့်ခင်မှာပဲ  ရက်ပေါင်း ၁၈၀ နဲ့ ပြန်လွတ်လာခဲ့တာပါ။ သူဟာ ထောင်ကျပြီး ၂၄ နာရီမတိုင်ခင် ကျန်မာရေးအခြေအနေကြောင့် ညတွင်းချင်း ရဲဆေးရုံကို ပြောင်းရွှေ့ကုသခဲ့ရပြီး လွတ်မြောက်တဲ့အထိ ဆေးရုံမှာဘဲ နေခဲ့ရပါတယ်။

သက်ဆင်ဟာ နိုင်ငံခြားမှာရှိနေစဉ် မြေးတွေနဲ့အတူ ပန်းခြံထဲ ဆော့ကစားတာ၊ ကုန်တိုက်တွေမှာ ကျန်းမာစွာလျှောက်လည်နေတာ၊ အားကစားလိုက်စားနေတာတွေရှိခဲ့ပြီး ထိုင်းပြန်ရောက်လို့  တရက်မကူးခင် ရောဂါဝေဒနာပေါင်းစုံနဲ့ အရေးပေါ်လူနာဘဝ ရောက်သွားတဲ့အပေါ်  လူတွေ သံသယရှိပြီး ရောဂါအခြေအနေအကျ ထုတ်ပြန်ဖို့ ၊ လူနာတွေ့ခွင့်ရဖို့ ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

ဆေးရုံအုပ်ကြီးကတော့ ဆေးရုံကျင့်ဝတ်အရ လူနာရဲ့ဆေးစစ်မှုအခြေအနေကို လူတိုင်းအား ပြသခွင့်မရှိ၊ လူနာသဘောမတူက မည်သူမျှတွေ့ဆုံခွင့်မရှိလို့ ဆိုပါတယ်၊ အကျဉ်းဦးစီးမှူး ကလည်း ဝန်ကြီးချုပ်ဟောင်းကို အထူးအခွင့်အရေးပေးခြင်း၊ ဘက်လိုက်ခြင်း မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခြင်းသာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ 

အတိုက်အခံပါတီဘက်ကလူတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာရှေ့နေတွေ၊ ပြည်သူ့အသံ ဆန္ဒပြသူတွေကတော့ ဝန်ကြီးချုပ်ဟောင်းဟာ သာမန်အကျဉ်းသားတွေထက် အခွင့်အရေးပိုရတယ်လို့  ဝေဖန်နေကြပါတယ်။

Source-thairath/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013