
စူပါအယ်လ်နီညို ရာသီဥတုနဲ့ ရင်ဆိုင်နေရချိန် ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်း နေ့အပူချိန်တွေ သိသိသာသာ မြင့်တက်နေတာကြောင့် အပြင်ထွက် သွားလာသူတွေကြားမှာ အပူရှပ်တဲ့ဖြစ်စဉ်တွေ နေ့စဉ် ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။
အပူရှပ်မှုကြောင့် အသက်သေဆုံးတဲ့အထိ ရှိနေပြီး လျှပ်စစ်မီး ပြတ်တောက်မှုတွေကြောင့်လည်း ပြည်သူတွေဟာ အပူဒဏ်ကို ပိုမိုခံစားနေကြရပါတယ်။
လက်ရှိ ရန်ကုန်မြို့ အပါအဝင် တိုင်းနဲ့ပြည်နယ် အများစုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ရှိနေပေမဲ့ နေ့လယ်ပိုင်း အချိန်တွေမှာတော့ အပူချိန်ဟာ အဆမတန် မြင့်တက်နေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က ရန်ကုန်မြို့ ဘုရင့်နောင် ကားပစ္စည်းပွဲရုံဝင်းအတွင်းမှာ အသက် ၆၀ အရွယ် အမျိုးသားတယောက် အပူရှပ်ပြီး နေရာမှာတင် လေဖြန်းသွားခဲ့လို့ ခေမာအောင် လူမှုကူညီရေးအသင်းက အင်းစိန်ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးခဲ့ရပါတယ်။
အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းကလည်း ရန်ကုန်မြို့လယ်က ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ သက်ကြီးပိုင်း အမျိုးသားတယောက် အပူရှပ်ပြီး လဲကျ သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၁ ရက်ကလည်း ပုဇွန်တောင်မြို့နယ်မှာ သက်ကြီးပိုင်း အမျိုးသမီးတယောက် အပူရှပ် မူးလဲခဲ့တဲ့အတွက် လူမှုကူညီရေးအသင်းက နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။
ဒီလို ပြင်းထန်တဲ့ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ဒေါက်တာသူရိန်က “Heat stroke ဖြစ်တဲ့ကိစ္စမှာ ကျနော်တို့က ခန္ဓာကိုယ်ရဲ့ အပူချိန် အရမ်းမြင့်ပြီးတော့ ချွေးထွက်တဲ့ နည်းလမ်းနဲ့ မတားဆီးနိုင်တော့ဘူး ဖြစ်တယ်ပေါ့နော်။ ခန္ဓာကိုယ်ရဲ့ အပူထိန်းညှိတဲ့ လုပ်ငန်းစဉ် ရပ်သွားတယ်။ ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေ ပျက်ယွင်းသွားတယ်။ သတိလစ်တယ်၊ ကိုယ်အပူချိန်တွေ အရမ်းမြင့်တက်လာတယ်။ ဒါတွေမဖြစ်ခင်မှာ ရှေ့မှာ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးမှုကြောင့် ဖြစ်တဲ့ လက္ခဏာတွေ စဖြစ်တယ်။ Heat exhaustion လို့ခေါ်တဲ့ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊ နှလုံးခုန်မြန်တာတွေ ဖြစ်လာရင် အန္တရာယ်ရှိနေပြီလို့ ပြတာပါ။ အဲဒီအချိန်မှာ အပူဒဏ်ခံနေရတဲ့သူကို အမြန်ဆုံး အေးအောင်လုပ်ဖို့က မဖြစ်မနေ လုပ်ရမဲ့ကိစ္စပါ” လို့ ရှင်းပြပါတယ်။
ရန်ကုန်မြို့ခံတွေ အနေနဲ့ အပူချိန်လွန်ကဲမှုကို ရင်ဆိုင်နေရတဲ့အပြင် လျှပ်စစ်မီး မမှန်တာတွေကြောင့် နေ့စဉ်ဘဝမှာ အခက်အခဲတွေနဲ့ ပိုမိုကြုံတွေ့နေကြရပါတယ်။
ရန်ကုန်ဒေသခံတယောက်က “အခုက မီးကလည်း မမှန်ဘူးလေ။ ရာသီဥတုကလည်း ပူလိုက်တာ တအားပဲ။ တခါတလေ မီးပျက်လို့ ပူလွန်းလို့ စီးတီးမတ်တို့ ရှော့ပင်းမောတို့ထဲမှာ သွားပြီး အအေးလေးတခွက်လောက်မှာပြီး အဲကွန်းလေလေး ခံပြီး သွားသွားနေနေရတယ်။ ဒါတောင် ညနေဘက် နေအေးမှ အပြင်ထွက်တာ။ နေပူထဲတော့ မလိုအပ်ဘဲ အပြင်မထွက်တာ အကောင်းဆုံးပဲ။ မဖြစ်မနေ ထွက်ရမဲ့သူတွေတော့ ထီးတို့ ဦးထုပ်တို့ ယူသွား၊ ပြီးတော့ ရေများများလည်း သောက်သင့်တယ်၊ နောက်ပြီး ဓာတ်ဆားတွေဘာတွေ ဆောင်ထားတာ ကောင်းမယ်ထင်တယ်” လို့ ပြောပါတယ်။
အခုနှစ်အတွင်း စူပါအယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်နိုင်တဲ့အတွက် မြန်မာနိုင်ငံမှာ နေ့အပူချိန်တွေ အဆမတန် မြင့်တက်နိုင်ပြီး လူထောင်ချီ သေဆုံးနိုင်ခြေရှိတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
ကျန်းမာရေးပညာရှင်တွေ၊ ဆရာဝန်တွေရဲ့ အကြံပြုချက်အရ မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း မလိုအပ်ဘဲ အပြင်မထွက်ကြဖို့၊ သက်တောင့်သက်သာရှိပြီး လေဝင်လေထွက် ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ဖို့၊ ထီး၊ ဦးထုပ် စတဲ့ အကာအကွယ်တွေ အမြဲဆောင်ဖို့နဲ့ ရေနဲ့ ဓာတ်ဆားရည် လုံလောက်အောင် သောက်သုံးကြဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် အပူချိန်ကြောင့် အစားအသောက်တွေ အလွယ်တကူ ပျက်စီးနိုင်တဲ့အတွက် လမ်းဘေးစာတွေနဲ့ ယင်နားစာတွေကို အထူးရှောင်ကြဉ်ကြဖို့လည်း သတိပေး နှိုးဆော်ထားပါတယ်။











