Home
ဆောင်းပါး
ညီနောင်ထုတို့ ပြည်ထောင်စုလော့
DVB
·
February 19, 2024

ပြည်ထောင်မစု၊ ပြည်ထောင်စုနေ့

ပေါင်းမှုအမှန်၊ ပြန်ဖြစ်ရန်ကား

တိုင်းရင်းသားများ တာဝန်ပါ။

မွန်ကမပါ၊ ဗမာကတမျိုး

ကရင်ကတဖုံ၊ ရှမ်းကတခြား

ချင်းများတလီ၊ ကချင်သည်တဝ

ကွဲပြားကြမျိုး၊ အဆိုးသရုပ်

အကျိုးယုတ်မည်သာ။

စုပေါင်းလုပ်မှ၊ အကျိုးရလိမ့်

အောင်ဆန်းမိန့်၏၊ သမိုင်းရှိလည်း

မသိကျိုးကျွန်၊ ပြုကြလွန်သော်

စစ်ကျွန်ဘဝ၊ နွံနစ်ကြပေ

နှစ်တာရှည် နေလိမ့်ပေဦးမည်။

စစ်ကျွန်ဘဝ၊ လွတ်မြောက်ရရေး

ပြည်မပြည်နယ်၊ အသွယ်သွယ်များ

တိုင်းရင်းသားတို့၊ မခြားဆန္ဒ

ပေါင်းစည်းကြကုန်၊ ဘုံရန်သူမိုက်

ဝိုင်း၍တိုက်ခိုက်၊ ဖယ်ထုတ်လိုက်မှ

မြန်မာ့ဖက်ဒရယ် အောင်မည်တည်း။ ။

ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျမတို့ မြန်မာနိုင်ငံရဲ့ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ဟာ လွန်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အခုအချိန်မှာ ကျမတို့ မြန်မာနိုင်ငံဟာ အလွန်တရာ အရေးအကြီးဆုံးအချိန်ကို ရောက်ရှိနေပါတယ်။ တိုင်းတပါးကျွန်ဘဝမှ လွတ်မြောက်ခဲ့ပြီး ပိုမိုဆိုးဝါး ရက်စက်ယုတ်မာလှတဲ့ မိမိလူမျိုး အာဏာရှင်လက်အောက် ပြားပြားမှောက်နေခဲ့ကြရတာဟာ လူ့ငရဲခန်းပမာ ဆိုးဝါးလွန်းလှပါတယ်။ ဒါပေမဲ့ အခုအချိန်မှာဆိုရင် မဆိုစလောက်ကလွဲလို့ မြန်မာတိုင်းရင်းသားအားလုံး နီးပါးဟာ မကြုံဖူးတဲ့ စည်းလုံးညီညွတ်မှုတွေကို မယုံနိုင်စရာ ရရှိနေပါတယ်။ ၂၁ နွေဦးတော်လှန်ရေးမှာ တိုင်ပင်ချိန်ကိုက် ဇာတ်တိုက်ထားသလို တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံသား လူတန်းစားအလွှာပေါင်းစုံဟာ ပေါ်‌ပေါ်ထင်ထင်ရော၊ မပေါ်မထင်ပါ ပါဝင်လှုပ်ရှား ပူးပေါင်းတော်လှန်ခဲ့ကြတာဟာဖြင့် ခုဆိုရင် အာဏာရှင်တစုဟာ ခပ်တဲတဲအနေအထားသာ ကျန်ရှိပါတော့တယ်။ ‌ဒါကြောင့် ၇၇ နှစ်ရဲ့ မင်္ဂလာရှိလှတဲ့ အခါသမယမှာ မြန်မာတနိုင်ငံလုံး အာဏာရှင်လက်အောက်က လွတ်မြောက်ရေးမှာ မြန်မာတိုင်းရင်းသား အားလုံးရဲ့ ရာဇဝင်သမိုင်း၊ အထင်မရိုင်းဖို့ ဝိုင်းဝန်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။

မြန်မာတိုင်းရင်းသား‌ပေါင်းစုံဟာ မိမိတို့ ကိုယ်ပိုင်အခွင့်အရေးအတွက် နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင် တော်လှန်နေခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာတိုင်းရင်းသားတွေဟာ မီးလောင်ပြာကျလိုက်၊ ပြန်လည်တည်ဆောက်လိုက်နဲ့ ဒုက္ခမျိုးစုံကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပါတယ်။ ခုဆိုရင် မြန်မာတနိုင်ငံလုံးဟာ စစ်မြေပြင်အဖြစ် ပြောင်းလဲခဲ့ပြီ ဖြစ်ပါတယ်။ ၂၁ နွေဦးတော်လှန်ရေးမှာ အနာဂတ်လူငယ်ကလေးတွေဟာ အသက်ပေး၊ ဘဝပေး၊ အနာဂတ် စတေးထားကြတာကို ထောက်ထားခြင်းအားဖြင့် သက်ကြီး၊ ဝါကြီး၊ သမ္ဘာကြီးလှတဲ့ မြန်မာတိုင်းရင်းသားပေါင်းစုံဟာ မဖြစ်မနေ အရေးတကြီးကို စည်းလုံးညီညွတ် စုပေါင်းညီညာကြရမှာ ဖြစ်ပါတယ်။

ရှင်ကြီးဝမ်းရော၊ ရှင်ငယ်ဝမ်းပါ အကျွမ်းတဝင် လမ်းမြင်ပြီးဖြစ်တဲ့ မြန်မာပြည်သူတွေဟာ သွေးခွဲတဲ့ဘေးလည်း ရှောင်နိုင်ပြီ ဖြစ်ပါတယ်။ ခေါင်း မကောင်း ခေါင်း၊ ကိုယ် မကောင်း ကိုယ် လိုသလို လုပ်ကိုင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူကို ဝမ်းနဲ့လွယ်မွေး သွေးသားလို သနားညှာတာလှတဲ့ မင်းကောင်းမင်းမြတ်နဲ့တူတဲ့ ခေါင်းဆောင်များ မွေးထုတ်ကြရမှာ ဖြစ်ပါတယ်။ တဦးနဲ့ တဦး၊ တစုနဲ့ တခု၊ တိုင်းရင်းသားတမျိုးနဲ့ တမျိုး၊ ညှာတာထောက်ထား ကိုယ်ချင်းစာတရားနဲ့ ပြုမူ‌ဆောင်ရွက်ကြရင် ဘယ်လောက်ပဲ ဝေးပါစေ၊ သွေးစည်းကြမှာ မလွဲပါဘူး။ မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကို လေးစားလိုက်နာ နှလုံးသွင်းပြီး ကိုယ်နဲ့လည်းစာ ကိုယ်ချင်းစာတရားနဲ့၊ စေတနာမှန် ကြံကြမယ်ဆိုရင်ဖြင့် မြန်မာပြည်သူလူထုတရပ်လုံး လိုလားတောင့်တတဲ့ တရားမျှတ လွတ်လပ်တဲ့ ပြည်ထောင်စုတခုအဖြစ် ဂုဏ်ယူဖွယ် ရရှိကြမှာ ဖြစ်ပါတယ်။

အနာဂတ်ရင်သွေးတွေကို စတေးထားပြီးမှ ရရှိလာမယ့် အနာဂတ်မြန်မာနိုင်ငံတော်ကို ပြန်လည်ထူထောင် ထိန်းသိမ်းကြတဲ့အခါ ခေါင်းဆောင် လူကြီးတွေဟာ မိမိတို့ရပိုင်ခွင့်အတွက် လွတ်လပ်စွာ ပြောဆိုတောင်းခံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အများဆန္ဒနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ပူးပေါင်းဆောင်ရွက်ကြရင် မြန်မာနိုင်ငံဟာ အနာဂတ်မှာ ဂုဏ်ယူဖွယ် ရုန်းထခဲ့တဲ့ နိုင်ငံတခုအဖြစ် တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ မညီမညွတ် အခက်အခဲတွေ ကြုံရတိုင်း ခံစားခဲ့ဖူးတဲ့ အာဏာရှင် ငရဲခန်းကို တန်းခနဲ ပြန်မြင်၊ ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။ တကိုယ်ရေ၊ တစုတဖွဲ့ရဲ့ အတ္တတွေကို ကြုံရတိုင်း အာဏာရှင်အောက်က မှောက်ကျခဲ့တဲ့ဘဝတွေကို ပြန်လည်မြင်‌ယောင်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လူသားတိုင်း၊ လူမျိုးတိုင်းရဲ့ လူသားဂုဏ်သိက္ခာကို လေးစားလိုက်နာကြရပါမယ်။

အာဏာရှင်နဲ့ စစ်ရဲ့ အနိဋ္ဌာရုံတွေကို မမြင်ချင်အဆုံး အမုန်းရင်မှာ မဆံ့ခဲ့ပြီမို့ အာဏာရှင်သက်ဆိုး အနေဆက်မရှည်ဖို့ သက်သေတည်လို့ ကြိုးစားကြရပါမယ်။ ခုဆိုရင် ဖက်ဆစ်အာဏာရှင်ဟာ အဆုံးစွန်ထိ ယုတ်ညံ့ခဲ့ပြီ ဖြစ်ပါတယ်။ ပြည်သူ့ရင်သွေး လူငယ်များပင်ဖြစ်စေ၊ ရန်သူ့နယ်မြေက ကလေးသူငယ်များပင်ဖြစ်စေ၊ မိမိတို့တပ်ဖွဲ့ဝင် မိသားစုများပင်ဖြစ်စေ၊ မိမိတို့ အာဏာတည်မြဲရေးအတွက် အသက်ကိုပင် ရက်ရက်စက်စက် သတ်ရဲကြသူများ ဖြစ်ပါတယ်။ တွေ့ရာပစ်၊ တွေ့ရာသတ်လောက်အောင် စည်းကမ်းမရှိတာကြောင့် အကွပ်မဲ့ကြမ်း ပရမ်းပတာ ဖြစ်ချင်တိုင်းဖြစ်၊ ပျက်ချင်တိုင်း ပျက်လို့နေပါတယ်။ ဒါကို တိုင်းရင်းသားအားလုံးက သတိကြီးကြီး၊ သဘောထားကြီးကြီး၊ ဉာဏ်ပညာ အမြော်အမြင်ကြီးကြီးနဲ့ ပြုမူဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ လမ်းချင်းတူရင် ဆုံကြမှာ မလွဲပါဘူး။ ဘုံရန်သူကို အခြေအနေ၊ အချိန်အခါနဲ့ ခွဲခြားနားလည် သိရှိနိုင်ကြရမှာ ဖြစ်ပါတယ်။

ချုပ်ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံးအချိန် ရောက်နေချိန်မှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနဲ့ တိုင်းရင်းသားပေါင်းစုံဟာ အတိတ်က အမုန်းတရားနဲ့ အတ္တ‌တွေကို ကလေးတွေအတွက် စွန့်လွှတ်ကာ အနာဂတ်တိုးတက်ဖို့ ဝိုင်းဝန်း ကြိုးစားကြရမှာပါ။ ကလေးတွေအတွက် စံပြအဖြစ် ပြုမူဆောင်ရွက်နေထိုင်ရင်း မတူတာညှိ၊ တူတာညှိလို့ ပြိုင်တူတွန်းကြရင်ဖြင့် အာဏာရှင်တမုန်း အဆုံးသတ်ကြမှာ ဖြစ်ပါတယ်။ ဘုံရန်သူ စုံညီတွန်းကြရင်း တကယ့်အနှစ်သာရပြည့်ဝတဲ့ ပြည်ထောင်စုကို ဖန်တီးရင်း မြန်မာအနာဂတ်ပြည်ထောင်စုကို ကလေးတွေအတွက် အမွေပေးခဲ့ကြပါစို့လို့သာ မေတ္တာရှေ့ထား ပြောကြားလိုက်ရပါတယ်။     ။

သန့်ကေသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024