Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်၌ စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
DVB
·
February 19, 2024
NaPuTaw SAC_1902224

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းက နဘူးတောကျေးရွာကို  စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်က ဖေ‌ဖော်ဝါရီ ၁၈ ရက် မနက် ၉ နာရီလောက်မှာ ဝင်ရောက် ပစ်ခတ်တာကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်ဟာ နဘူးတောရွာအနောက်ဘက် ဘန့်ဘွေးပျူစခန်းကနေ လာရောက်ပစ်ခတ်တာလို့ ဒေသခံတဦးက ပြောပါတယ်။

နဘူးတောရွာသားတဦးက “ရွာက ဖျားနာပြီး သေဆုံးတဲ့သူကို သင်္ဂြိုဟ်ဖို့ သင်္ချိုင်းကုန်းမှာ မြေကျင်းတူးနေတာကို ဝင်ပစ်တာဗျ။ အဲဒီလိုပစ်လို့ ဦးသောင်းခိုင် အသက် ၄၀ ဝန်းကျင်ကတော့ နေရာတင် သေဆုံးတယ်ဗျ။ နောက်တဦးက ဦးတင်ငွေ အသက် ၄၀ ဝန်းကျင် လက်ဖျံကို ထိမှန်ပြီး လက်ကျိုးသွားတယ်။ နောက်ထပ်တဦးက တရော်ကျင်းရွာကနေ သေဆုံးသူရဲ့ကိစ္စ လာပို့တဲ့ ဧည့်သည်အမျိုးသမီးတဦးပါ။ သူက အသက် ၄၀ ကျော်ရှိတဲ့ အမျိုးသမီးတဦး ဖြစ်တယ်ဗျ။ အမည်ကတော့ ရွာက မဟုတ်တာ့ မသိဘူးဗျ။ ထိခိုက်တာက လက်မောင်းရိုး ကျည်ထိမှန်တယ်” လို့ ပြောပါတယ်။

‌စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေဟာ ရွာရဲ့အနောက်ဘက် သင်္ချိုင်းကုန်းမှာ အခုလို ပစ်ခတ်ပြီး နဘူတောရွာအတွင်း ဝင်ရောက်ကာ ကျေးရွာအတွင်းက လျှပ်စစ်မီးကြိုးတွေ၊ ဒေသခံ နေအိမ်တွေထဲက အဖိုးတန် ရွှေငွေပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေ ယူဆောင်ပြီး ဘန့်ဘွေးရွာအတွင်း ပြန်ဝင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024