DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် လုပ်အားခမရသည့် MOU မြန်မာအလုပ်သမား ၂၁ ဦး  အခက်အခဲဖြစ်နေ
DVB
·
February 19, 2024
ထိုင်းနိုင်ငံတွင် လုပ်အားခမရသည့် MOU မြန်မာအလုပ်သမား ၂၁ ဦး  အခက်အခဲဖြစ်နေ
Donate to DVB

ထိုင်းနိုင်ငံ၊ ဖယ်ခရိုင်၊ ဒန်ချိုင်းမြို့ကို နှစ်နိုင်ငံသဘောတူစာချုပ် (MOU)စနစ်နဲ့ လာရောက်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမား ၂၁ ယောက် လုပ်အားခမရရှိတာကြောင့် နေထိုင်စားသောက်ဖို့အတွက် အခက်အခဲဖြစ်နေတယ်လို့ WAGအဖွဲ့ထံမှ သိရပါတယ်။

မြန်မာအလုပ်သမား အမျိုးသား ၁၀ ယောက်နဲ့ အမျိုးသမီး ၁၁ ယောက်တို့ဟာ The Water King LTD Partnership မှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာနိုင်ငံက Moe Man Services ကုမ္ပဏီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၃ ခုနစ်၊ အောက်တိုဘာ၊ ၆ ရက်မှာ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ၊ ဒန်ချိုင်းမြို့ရှိ လမ်းတံတားဆောက်လုပ်ရေးဆိုဒ်မှာ အလုပ် လုပ်ကိုင်ပြီးတဲ့နောက် လုပ်အားခ မရလို့ ကိုယ့်စရိတ်နဲ့ကိုယ် နေထိုင်စားသောက်နေရပြီး အခက်အခဲကြုံနေရတယ်လို့  ကာယကံရှင်အလုပ်သမားတွေက ပြောပါတယ်။

မြန်မာအလုပ်သမားတယောက်က “ကျနော်တို့က ပထမဆုံး ရတ်ချ်ပူလီမြို့ကို ရောက်တယ်။ အဲဒီမှာ ၁၀ ရက်ကြာ အလုပ်မလုပ်ရဘဲ နေရတယ်။ နောက်တော့ CESE 2 ဆောက်လုပ်ရေးဆိုဒ် တခုမှာ အလုပ်လုပ်ရမယ်ဆိုပြီး အယုဒ္ဓယမြို့ကို ပို့ပေးတယ်။ အဲဆိုဒ်မှာ ယောက်ျားလေးတွေက တလနဲ့ ၂၅ ရက်ကြာအလုပ်လုပ်ရပြီး မိန်းကလေးတွေက တလပဲ အလုပ်လုပ်ရတယ်”လို့ ပြောပါတယ်။

“အယုဒ္ဓယမှာ အဆင်မပြေလို့ ဒန်ချိုင်းမြို့က လမ်းတံတား ဆောက်လုပ်ရေးဆိုဒ်ကို ပို့ပေးတယ်။ အဲမှာလည်း အလုပ်လုပ်ပြီး တလနဲ့ ၆ ရက်စာ လုပ်အားခ ထုတ်မပေးဘူး။ ကျနော်တို့လည်း ဒီအလုပ်မှာပဲ နေနေရသေးတယ်။ အလုပ်မဆင်းတာ ၁၀ ရက်လောက်တော့ရှိပြီ။ မြန်မာနိုင်ငံက ဆွေမျိုးတွေဆီက ပိုက်ဆံပြန်တောင်းပြီး စားသောက်နေထိုင်နေနေရတယ်။ သူဌေးဘက်ကလည်း သူဌေးပြောင်း လက်မှတ်ထုတ်ပေးပြီးပြီမို့လို့ ကျနော်တို့ စားဖို့သောက်ဖို့အတွက် မကူနိုင်ဘူးလို့ ပြောတယ်”လို့  အလုပ်သမားက ဆက်ပြောပါတယ်။

မြန်မာအလုပ်သမားတွေက လုပ်အားခမရရှိတဲ့အတွက် မြန်မာအေဂျင့်စီထံ အကြိမ်ကြိမ် ဖြေရှင်းခိုင်းခဲ့ရာ မဖြေရှင်းပေးတဲ့အတွက် WAG အလုပ်သမားကူညီစောင့်ရှောက်ရေး အသင်းထံ အကူအညီ တောင်းခံခဲ့တယ်လို့ WAG အဖွဲ့ထံမှ သိရပါတယ်။

WAGအဖွဲ့မှ ကိုမုန်တိုင်းက “ကျနော်တို့က အလုပ်သမားတွေ လုပ်အားခရရှိဖို့အတွက် သက်ဆိုင်ရာရုံးမှာ သွားရောက်တိုင်ကြားဖို့ရှိတယ်။ သူတို့ဘက်က သူဌေးပြောင်း လက်မှတ် ထုတ်ပေးပေမယ့် အလုပ်သမားတွေဘက်က အလုပ် လိုချင်တာလေ။ အေဂျင့်စီကလည်း ရှင်းပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ထိရောက်မှုတော့ မရှိသေးဘူး”လို့ ပြောပါတယ်။

အဆိုပါ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာနဲ့ ပတ်သက်ပြီး အေဂျင်စီဘက်ကို မေးမြန်းနိုင်ခြင်း မရှိသလို  မြန်မာအလုပ်သမားသံရုံးကိုလည်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာ မြန်မာ အလုပ်သမားသံရုံးက ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013